ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ညအချိန်ရန်ဖြစ်နေကြောင်း သတင်းအရ သွားရောက်ရာမှ ငွေကျပ်(၃၆၈၀)သိန်းဖိုးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ် ၄ ရက် နံနက် ၂ နာရီခန့်က ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲအုပ်တင်ဆန်းဌေး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်၌ ရန်ဖြစ်နေကြောင်း သတင်းအရ သွားရောက်ခဲ့စဉ် ၎င်းနေအိမ်၌နေထိုင်သူ အမျိုးသားတစ်ဦးသည် ပီနံအိတ်(၂)ထုပ်အား တစ်ဘက်ခြံဝန်းဘက်သို့ လွှင့်ပစ်လိုက်သည်ကို တွေ့ရသဖြင့် ၎င်းအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဂွန်ဂျာအောင် ဆိုသူဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၎င်းလွှင့်ပစ်လိုက်သည့် အထုပ်(၂)ထုပ်အား သက်သေများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အစိမ်းရောင်ပီနံအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်(၁၄၀)ခွက်ဖြင့်ထည့်ထားသော စုစုပေါင်းဘိန်းဖြူမှုန့်(၁၄၀၀)ဂရမ်(ဒေသပေါက်စျေး ၁၄၀,၀၀၀,၀၀၀ ကျပ်)ကိုလည်းကောင်း၊ အဝါရောင်ပီနံအိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်(၅၇၀)ထုပ်ဖြင့် ထည့်ထားသော WYနှင့် MYစာတန်းပါ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၁၁၄,၀၀၀)ပြား(ဒေသပေါက်စျေး ၂၂၈,၀၀၀,၀၀၀ ကျပ်)ကိုလည်းကောင်း တွေ့ရှိခဲ့သည်။
စုစုပေါင်းငွေ(၃၆၈,၀၀၀,၀၀၀)ကျပ်ဖိုးရှိ မူးယစ်ဆေးဝါးများတွေ့ရှိမှုဖြင့် ဂွန်ဂျာအောင်(၂၄)နှစ်အား ဗန်းမော်မြို့မရဲစခန်းက မယ(ပ)၁၄၀/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ကာ အမှုစစ်ရဲအုပ်အောင်ကျော်နိုင် က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
Crd : ဗန်းမော်ပွင့်သစ်
0 comments:
Post a Comment