အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်တရုတ်ပင်လယ်အတွင်း တရုတ် နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။
တရုတ်တပ်ဖွဲ့များသည် Paracel ကျွန်းစုများအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စဉ် ပဲ့ထိန်းဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှုသည် ရန်လိုသောအပြုအမူများအား ရှောင်ရှားမည်ဆိုသော တရုတ်နိုင်ငံ၏ ၂၀၀၂ ခုနှစ်က ကတိကဝတ်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများဖြစ်ပေါ်စေခဲ့ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ပါသည်။
ဒုံးကျည်စမ်းသပ်မှုများအပါအဝင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများသည် တောင် တရုတ်ပင်လယ်အတွင်းရှိ အခြေအနေများကို ပိုမိုဆိုးရွားစေကြောင်း ပင်တဂွန်မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
အဆိုပါလေ့ကျင့်ခန်းများသည် တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်အေးချမ်း မှုကို ထိခိုက်စေပြီး ရှုပ်ထွေးမှု သို့မဟုတ် အငြင်းပွားမှုများ မြင့်တက်လာစေမည့် လုပ်ဆောင်မှုများအား ရှောင်ရှားမည်ဆိုသော ၂၀၀၂ ခုနှစ်က ကြေညာခဲ့သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ကတိကဝတ်များကို ချိုးဖောက်နေကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။
လွန်ခဲ့သောဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ကျောက်တန်းများနှင့် ကျောက်စွန်းများပေါ်တွင် ၎င်း၏ အချုပ်အခြာအာဏာရှိမှုကို ကြေညာရန် စစ်အခြေစိုက်စခန်းများ ဆောက်လုပ်ခဲ့ ပါသည်။ အဆိုပါနယ်မြေများအား ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်း တောင်းဆိုလျက်ရှိပါသည်။
ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ Paracel ကျွန်းစုများအနီး ပြုလုပ် ခဲ့သော Xisha ဟုခေါ်သည့် တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများသည် တရားမဝင် ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုမှုများကို အတည်ပြုရန်နှင့် ၎င်း၏ အရှေ့တောင် အာရှအိမ်နီးချင်းနိုင်ငံများကို အားနည်းစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်မှုဖြစ်ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဒေသအတွင်း တရုတ်နိုင်ငံ၏ စစ်အင်အားတိုးချဲ့မှုနှင့် အကျပ်ကိုင်မှုများကို လျှော့ချရန် ဇူလိုင်လက တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သည် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခြင်းဖြင့် ၎င်း၏ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၂၇ ရက်နေ့အစောပိုင်းတွင် အမေရိကန်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ၂၄ ခုအား အမည်ပျက်စာရင်းသွင်းခဲ့သည့်အတွက် တရုတ် နိုင်ငံမှ အမေရိကန်နိုင်ငံအား ပြစ်တင်ဝေဖန်ခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian မှ အမေရိကန် နိုင်ငံ၏ ပြောဆိုမှုများသည် တရုတ်နိုင်ငံ၏ ပြည်ပတွင်းရေးရာကိစ္စရပ်များတွင် အလွန် အကျွံ ဝင်ရောက်စွက်ဖက်နေကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုထိန်းသိမ်းရန် ခိုင်မာသည့်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Zhao Lijian မှ ပြောကြားခဲ့ပါသည်။
Source : Channel News Asia
“Pentagon slams Chinese missile launches in South China Sea”
0 comments:
Post a Comment