မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းနှင့် ရေး-ထားဝယ်သွား ကားလမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်းဘေးရှိ တလိုင်းတောင်ကျေးရွာနှင့် မောင်မယ်ရှောင် ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
၎င်းအပြင်မွန်ပြည်နယ်အတွင်း ဩဂုတ်လ ၂ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ အဆက်မပြတ် ကျဆင်းမှုကြောင့်ယမန်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်-ရေး ကားလမ်း ပေါ်ရှိ အနိမ့်ပိုင်းဒေသဖြစ်သော နှီးပဒေါ-ကွမ်လှ ပြည်ထောင်စု လမ်းမကြီးပေါ်သို့ အကျယ် ၉၀ ပေ၊ အမြင့် ၁ ပေခွဲခန့် ရေကျော်မှု ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် သထုံမြို့နယ်၊ မြသပိတ်စေတီတော် တောင်ကမ်းပါးယံမြေပြိုကျခဲ့ရာ တောင်တက်ကွန်ကရစ်လမ်းပေါ်သို့ အလျား ၃၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၇ ပေခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အလားတူပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ယမန်နေ့နံနက်ပိုင်းတွင် အုတ်တွင်း-ပြည်-ပေါက်ခေါင်း ကားလမ်း၌ မြေပြိုမှုဖြစ်ပွားခြင်း၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၃/၁၄၄ တွင် ကားလမ်းပေါ်သို့ ရေများ ၄ ပေခန့်ကျော်လွန်ခဲ့ပြီး ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုများနှင့် တောင်ကမ်းပါးယံမြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယမန်နေ့တွင် နယ်မြေခံတပ်များအလိုက် တပ်မတော်သားများက သွားရောက်၍ ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့် ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ယာဉ်ကြောများရှင်းလင်းပေးခြင်း၊ ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခြင်း၊ မြေသားများဖယ်ရှားရှင်းလင်းပေးခြင်းနှင့်ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းစသည့် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment