Friday, August 28, 2020

ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်း တင်သွင်းသည့် COVID-19 ကာလအတွင်း ချေးငွေများ ပြန်လည်ပေးဆပ်မှုဆိုင်းငံ့ရန်နှင့် အတိုးနှုန်းများလျော့ချပေးရေး အဆို ရှုံးနိမ့်

ပြည်ခိုင်ဖြိုးပါတီ မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းခဲ့သည့် COVID-19 ကာလအတွင်း အသေးစားချေးငွေများ ပြန်လည်ပေးဆပ်မှုဆိုင်းငံ့ရန်နှင့် အတိုးနှုန်းကင်းလွတ်ခြင်း (သို့) ၅၀ ရာခိုင်နှုန်းများလျော့ချပေးရန် အဆိုကို သြဂုတ် ၂၇ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မတ်တပ်ရပ်၍ မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်ခဲ့ရာမှာ ကန့်ကွက်သူများ သဖြင့် အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဆိုနှင့်ပတ်သက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းက ပြန်လည်ရှင်းလင်းရာတွင် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြောကြားခဲ့သည်။
ထိုသို့ပြောကြားခဲ့သဖြင့် အဆိုရှင် ဒေါက်တာ မောင်သင်းက အစိုးရအနေဖြင့် ကိုဗစ်ကာလ အတွင်း ထောက်ပံ့ကြေးပေးနေခြင်းထက် ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးမည်ဆိုပါက ပြည်သူတွေ အကျိုးရှိနိုင်မည့်အတွက် အဆိုအား အတည်ပြုပေးရန်နှင့် အကြွေး၀န်ပိနေကြသည့် ပြည်သူများ ကိုယ်စား အသိပေးတင်ပြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်း သို့ ပြောဆိုခဲ့သဖြင့် အဆိုအား မတ်တပ်ရပ်၍ မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ မတ်တပ်ရပ်ထောက်ခံခဲ့သော်လည်း ထောက်ခံဆန္ဒမဲ ၁၂၅မဲ ရှိပြီး ကန့်ကွက်မဲသည် ၂၂၀ ရှိသဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း ဥက္ကဌ ဦးတီခွန်မြတ်ကကြေညာခဲ့သည်။

0 comments:

Post a Comment