Thursday, May 3, 2018

ကျိုက်ထီးရိုး ကေဘယ်လ် ကားစခန်းမှ ကိုရီးယား ဒါရိုက်တာတစ်ဦး လိမ်လည်မှုဖြင့် မရမ်းကုန်းရဲစခန်းတွင် စစ်ဆေးခံနေရ


ကျိုက်ထီးရိုး ကေဘယ်လ်ကားစခန်းတွင် ကေဘယ်လ်ကား ပြေးဆွဲနေသော Sky Asia ကုမ္ပဏီမှ ကိုရီးယား ဒါရိုက်တာ မစ္စတာယူ ကို လိမ်လည်မှုဖြင့် မရမ်းကုန်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးလျှက်ရှိနေကြောင်း မရမ်းကုန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Sky Asia ကုမ္ပဏီမှ ဒါရိုက်တာ မစ္စတာယူ ကို ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ ဒါရိုက်တာ ဦးနောင်ရဲအောင် က ကျပ်သိန်းပေါင်း ၅၂၆၀၀ ရယူလိုမှုဖြင့် ဧပြီလ ၁၂ ရက်တွင် မရမ်းကုန်းမြို့မ ရဲစခန်း၌ ဦးနောင်ရဲအောင် က တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ မရမ်းကုန်းမြို့မ ရဲစခန်းမှာ ဧပြီလ ၁၂ ရက်နေ့က စပြီးအမှုဖွင့်တယ်။ အမှုဖွင့်ရတာက Sky Asia ကုမ္ပဏီက ကိုရီးယားလူမျိုး မစ္စတာယူ က ကျွန်တော်တို့ ကုမ္ပဏီနာမည်နဲ့ ကမ္ဘောဇဘဏ်မှာ ကေဘယ်လ်ကားစခန်း စီမံကိန်းကို ဆက်လုပ်ဖို့ ကျပ်သိန်းပေါင်း ငါးသောင်း ချေးခိုင်းတယ်။ ပြီးရင် သူပြန်ဆပ်မယ်ဆိုပြီး စာချုပ်မှာ တရားဝင် လက်မှတ်ထိုးထားတယ်။ အဲဒီငွေကို သူပြန်မဆပ်လို့ ကျွန်တော်တို့ ကုမ္ပဏီက တရားစွဲတာ။ ဘဏ်ကို ပြန်ဆပ်ရမယ့် အရင်းနဲ့ အတိုးပေါင်းလိုက်ရင် ကျပ်သိန်းပေါင်း ၅၂၆၀၀ ရှိတယ်။ ဒါတောင် လုပ်ငန်းခွင် ကုန်ကျစရိတ်တွေအတွက် တရားမမှုနဲ့ ပေါင်းလိုက်ရင် ကျပ်သိန်းပေါင်း ၇ သောင်းနီးပါရှိတယ် ” ဟု ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

Sky Asia ကုမ္ပဏီမှ ရတနာရွှေဆင်ကြီး ကုမ္ပဏီ၏ အမည်ခံပြီး ကမ္ဘောဇဘဏ်တွင် ကျပ်သိန်းပေါင်း ငါးသောင်းကို ချေးယူခဲ့ပြီး ကျိုက်ထီးရိုးတောင်တွင် ကေဘယ်လ်ကားစခန်း စတင်ပြေးဆွဲပါက ရရှိလာသည့် ဝင်ငွေများထဲမှ ၇၀ ရာခိုင်နှုန်းကို ရတနာရွှေဆင်ကြီး ကုမ္ပဏီသို့ လစဉ် ၁၅ ရက်လျှင် တစ်ကြိမ် ပြန်လည်ပေးဆပ်ရန် စာချုပ်ချုပ်ဆိုထားသော်လည်း ယခုအချိန်ထိ ပေးဆပ်ခြင်း မပြုသည့်အတွက် မစ္စတာယူ ကို လိမ်လည်မှုဖြင့် ရတနာရွှေဆင်ကြီး ကုမ္ပဏီက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment