Tuesday, May 1, 2018

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်
၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ၎င်းတို့နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခွင့် ရရှိခဲ့ခြင်းကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ရန် ဆွေးနွေးလျက်ရှိပါသည်။

ယင်းအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတို့နှင့် ရခိုင်ပြည်နယ်ရှိ လူထုအားလုံးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သင့်လျော်သောအချိန်ရောက်ပြီဟု မြန်မာနိုင်ငံ အစိုးရက ယုံကြည်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ယခုအချိန်သည် အရေးကြီးသည့် ပြောင်းလဲမှု အချိန်အခါ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း၊ မိမိတို့အနေဖြင့် နေအိမ်များဆုံးရှုံးခဲ့သည့်သူများ ပြန်လည် ဝင်ရောက်လာစေရေးနှင့် အကြမ်းဖက်မှုများ၏ အခြေခံအကြောင်းအရင်းများကို အဖြေရှာ ဆောင်ရွက် သွားနိုင်ရေးအတွက် အားသွန်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ပေးအပ်ထားခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့သည်လည်း အထက်ပါအချက် များကို အကောင်အထည်ဖော်နိုင်ရန် အကြံပြုချက်များကို အဆိုပြုထားခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဝင်ရောက်ရာတွင် အဓိကအချက်မှာ လုံခြုံမှု၊ သိက္ခာရှိမှုနှင့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုမှုပင်ဖြစ်ကြောင်း၊ ဒေါက်တာကိုဖီအာနန်၏ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်း အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် လက်တွေ့ဆောင်ရွက်သွားရမည့် အကြံပြုချက်များ ပါဝင်ကြောင်း၊ ယင်းအချက်များသည် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အခြေခံ ထားကြောင်း၊ ယင်းအကြံပြုချက်များသည် အစိုးရမှ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


Myanmar State Counsellor Office

0 comments:

Post a Comment