Tuesday, May 1, 2018

အလွတ်ကျက်ဖြေရသည့်ပုံစံကိုလျှော့ချရန် ဆယ်တန်းမေးခွန်းကို စဉ်းစားတွေးခေါ်ရသည့် ပုံစံ ပြောင်းလဲမည်


၂၀၁၉ ခုနှစ်၊ မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းပုံစံများကို စဉ်းစားတွေးခေါ်ရမည့် ပုံစံများ ထည့်သွင်းပြောင်းလဲသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းပုံစံပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး မေလ(၂)ရက်မှ စတင်ကာ မေးခွန်းပုံစံ သိကောင်းစရာများကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ အဓိကပြောနေတဲ့ အလွတ်ကျက်တဲ့ပုံစံကိုလျော့သွားအောင် စဉ်းစားတွေးခေါ်ရတဲ့ အပိုင်းတွေကို ထည့်သွား မှာပါ။ အလွတ်ကျက်တာလည်းပါမယ်။ စဉ်းစားတွေခေါ်ရတာလည်း ပါမယ်။ အကုန်ပြင်ပစ်တာတော့ မဟုတ် ဘူး။ အရင်တုန်းကတော့ အလွတ်ကျက်နိုင်တဲ့သူရတာကို” ဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုရမည့်ဘာသာရပ်(၁၀)ခုမှ စိတ်ကြိုက်မြန်မာစာမှလွဲပြီး ကျန်(၉) ဘာသာကို မေးခွန်းပုံစံပြောင်းလဲသွားမည်ဖြစ်သည်။

စဉ်းစားတွေးခေါ်ရသည့် မေးခွန်းပုံစံပြောင်းလဲမည်ဖြစ်သော်လည်း သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲမည်မဟုတ်ဘဲ ယခင်သင်ရိုး ညွှန်းတမ်းများသာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံကို ၂၀၀၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဖြေဆိုမည့် စာမေးပွဲတွင် ပြန်လည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး သင်ရိုးညွှန်းတမ်းများကို ၂၀၀၂ ခုတွင်ပြောင်းလဲခဲ့ပြီး လက်ရှိအထိ သင်ကြားနေကြောင်း သိရသည်။


ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment