Wednesday, May 23, 2018

နိုင်ငံတော်အဆောက်အဦများကို ကာလပေါက်ဈေးနှင့်မကိုက်ညီဘဲ ပုဂ္ဂလိကသို့ ငှားရမ်းမှုကိစ္စ လွှတ်တော်တွင်မေးမြန်း


နိုင်ငံတော်အဆောက်အဦများကို ကာလပေါက်ဈေးနှင့် ကိုက်ညီခြင်းမရှိဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားမှုများကြောင့် ပြည်သူ့ဘဏ္ဍာ ထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့အရေးယူမည်ကို သိလိုကြောင်း မေ ၂၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံက မေးမြန်းသည်။

ဒေါက်တာဒေါ်ရွှေပုံက လွှတ်တော်သို့တင်ပြရာတွင်“ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ယခင်အစိုးရလက်ထက် နိုငံတော်ပိုင်အဆောက်အဦနှင့် မြေနေရာများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသောစက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်း၊ သိုလှောင်ရုံနှင့် အဆောက်အဦများစာရင်းကို စစ်ဆေးကြည့်ရှုရာတွင် ပဲခူးမြို့ပေါ်ရှိ ကြားစခန်း၊ ဘိုကုန်းရပ်ကွက်ရှိ သိုလှောင်ရုံသုံးရုံလုံးကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ငှားရမ်းခဲ့ပြီး ငှားရမ်းသည့်ကာလမှာ အနှစ် (၂၀) သက်တမ်းဖြစ်ပါတယ်။ ထိုနည်းတူ အခြားသော နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် မြေနေရာများကို ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များအပါအ၀င် အစိုးရသက်တမ်းကူးပြောင်းခါနီး ၂၀၁၅ နိုဝင်ဘာလလယ်လောက်တွင် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့မှုများ ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်”ဟု ပါရှိသည်။

ဆက်လက်ပြီး ပဲခူး-ရန်ကုန်ကားလမ်းမပေါ်ရှိ ယခင် ဆယ်မိုင်ကုန်း ပျိုးဥယျာဉ်အရောင်းဆိုင်မြေနေရာ (၁၃.၃၂) ဧကကို တနှစ်လျှင် သိန်း(၈၀)နှုန်းဖြင့် ငှားရမ်းထားသည့်အတွက် (၁)ဧကကို တလလျှင် ငါးသောင်းကျပ်နှုန်းသာရရှိကြောင်း၊ ပဲခူးမြို့ပေါ်ရှိ ကြားစခန်း၊ ဘိုကုန်းရပ်ကွက်ရှိ သိုလှောင်ရုံသုံးရုံလုံး၏ငှားရမ်းခမှာလည်း (၁)လုံးကို တလလျှင် နှစ်သောင်းကျပ်သာရရှိနေကြောင်း၊ သိုလှောင်ရုံသုံးလုံးမှာ အလျား ပေ(၁၂၀) အနံပေ(၅၀) အမြင့်(၁၂)ပေ တလုံး၊ အလျားပေ(၁၀၀) အနံပေ(၃၀) အမြင့်(၁၄)ပေ တလုံးနှင့် အလျားပေ(၆၀) အနံပေ(၃၀) အမြင့်(၁၄)ပေ တလုံးနှင့် သိုလှောင်ရုံများတည်ရှိရာ မြေဧရိယာမှာ ၁ ဒသမ ၄၉၈ ဧကရှိ၍ နှစ်(၂၀)စာချုပ်ဖြင့် ငှားရမ်းထားကြောင်း ဒေါက်တာဒေါ်ရွှေပုံက ပြောသည်။

အဆိုပါသိုလှောင်ရုံများရှိရာအနီးဝန်းကျင်ရှိ ပေ(၂၀) x ပေ(၆၀) အိမ်တလုံးကို သိုလှောင်ရုံအဖြစ်ငှားရမ်းမည်ဆိုပါက တလလျှင် ကျပ် (၁၀) သိန်းခန့် ကျသင့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပဲခူးမြို့ပေါ်ရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေနေရာ(၅)နေရာကိုလည်း ငှားရမ်းကာလ နှစ်(၂၀)၊ (၃၀)၊ (၄၀) စာချုပ်များဖြင့်ငှားရမ်းထားသည်မှာ ကာလပေါက်ဈေးထက် လွန်စွာနည်းပါးနေသည့်အတွက် နိုင်ငံ့ဘဏ္ဍာများ များစွာဆုံးရှုံးနစ်နာလျက်ရှိကြောင်း၊ ငှားရမ်းစဉ်က သဘောတူစာချုပ်ပါလုပ်ငန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိသည့်လုပ်ငန်းများကို စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်၍ လုပ်ကိုင်လျက်ရှိကြောင်း၊ အထက်ပါအကြောင်းအရာများအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း ၎င်းက တင်ပြမေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဦးလှကျော်က ဖြေကြားရာတွင် အစိုးရဌာနပိုင်လုပ်ငန်းများအနက် နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ငန်းများ၏အသုံးစရိတ်ကို လျော့ချနိုင်ရေး၊ ယင်းလုပ်ငန်းများမှ ၀င်ငွေရရှိလာစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍကိုမြှင့်တင်နိုင်ရေးအတွက် ဌာနပိုင်လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုဂ္ဂလိကသို့ ငှားရမ်းရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဓာတ်မြေသြဇာဖြန့်ဖြူးရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့သဖြင့် ယခင် ဓာတ်မြေသြဇာဖြန့်ဖြူးရေးဆောင်ရွက်ခဲ့စဉ်က အသုံးပြုခဲ့သည့် သိုလှောင်ရုံများကို ဒေသပေါက်ဈေးအခြေအနေများကို ချိန်ဆ၍ ငှားရမ်းခနှုန်းထားသတ်မှတ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ သိုလှောင်ရုံငှားရမ်းမှုများကို စာချုပ်ပါစည်းကမ်းနှင့်မကိုက်ညီပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငှားရမ်းခနှုန်းထားများကိုလည်း ကာလပေါက်ဈေးနှင့် အဆောက်အဦ၏မူလအခြေအနေအပေါ်မူတည်၍ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဒု-၀န်ကြီး ဦးလှကျော်က ဖြေကြားသည်။

ပဲခူး ဆယ်မိုင်ကုန်းအရောင်းဆိုင်ကို KMA Co.,Ltd သို့ ငှားရမ်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ သဘောတူညီချက်အရ နှစ်(၃၀)စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် စာချုပ်ပါမူလရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုစိစစ်တွေ့ရှိရ၍ ကုမ္ဗဏီသို့ ခေါ်ယူဆွေးနွေးရာ စိုက်ပျိုးရေးသွင်းအားစုများ၊ စိုက်ပျိုးရေးကိရိယာများ၊ ခြံဝင်းအတွင်းရှိနှစ်ရှည်သီးပင်များမှထွက်ရှိသည့် သီးနှံများကို အရောင်ဆိုင်ဖွင့်လှစ်ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကုမ္ဗဏီဘက်မှတင်ပြထားကြောင်း ဒု-၀န်ကြီး ဦးလှကျော်က ရှင်းလင်းပြောကြားသည်။

ပဲခူးမြို့နယ် ဘိုကုန်းရပ်ရှိ သိုလှောင်ရုံ(၃)လုံးကိစ္စနှင့်ပတ်သက်၍ ဒုဝန်ကြီး ဦးလှကျော်ကဖြေကြားရာတွင် အဆိုပါသိုလှောင်ရုံသုံးလုံးကို ဒေါ်ကျင်သန်းဦးသို့ ၁၂.၆.၂၀၁၄ တွင် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာ ယင်းသိုလှောင်ရုံများကို ကျပ်သိန်း(၄၀၀)ရင်းနှီးမြှပ်နှံ၍ သတ်မှတ်စံချိန်စံညွှန်းအမီပြုပြင်ပေးရန် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိငှားရမ်းနှုန်းမှာ တနှစ်လျှင် ကျပ်(၁၄.၄)သိန်းဖြစ်၍ ငှားရမ်းကာလမှာ ကနဦး(၁၀)နှစ်၊ သက်တမ်းတိုး(၅)နှစ်စီဖြင့် နှစ်ကြိမ်သက်တမ်းတိုးခွင့်ပြုထားကြောင်း ဒု-၀န်ကြီး ဦးလှကျော်က
ဖြေကြားသည်။ ထို့ပြင် ဘိုးကုန်းရပ်ရှိ အဆောက်အအုံတလုံးကိုလည်း ဒေါ်ကျင်သန်းဦးထံသို့ တနှစ်လျှင် ကျပ်သိန်း(၃၀)ရင်းနှီးမြှပ်နှံ၍ သတ်မှတ်စံအမီပြုပြင်ပေးရန် (၁၉.၁၁.၂၀၁၅)တွင် ကနဦး (၅)နှစ်၊ သက်တမ်းတိုး(၅)နှစ်စီဖြင့် (၃)ကြိမ် သက်တမ်းတိုးခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ငှားရမ်းခနှုန်းထားကို (၂)နှစ်လျှင်တကြိမ် ပြန်လည်သတ်မှတ်ရန်အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း ၎င်းကထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပဲခူးမြို့နယ်၊ ဟင်္သာကုန်းကြားစခန်းရှိ Delicious Food Ltd သို့ ငှားရမ်းထားသည့် သိုလှောင်ရုံ(၂)လုံးကို (၁၀.၇.၂၀၁၄)တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းသိုလှောင်ရုံများကို ကျပ်သန်း(၅၀၀)ရင်းနှီးမြှပ်နှံ၍ စံချိန်စံညွှန်းမီပြုပြင်ပေးရန် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိငှားရမ်းခမှာ တနှစ်လျှင် ကျပ်(၁၀.၈)သိန်းဖြစ်၍ ငှားရမ်းကာလမှာ ကနဦး(၁၀)နှစ်၊ သက်တမ်းတိုး(၅)နှစ်စီဖြင့် နှစ်ကြိမ်သက်တမ်းတိုးခွင့်ပြုထားပါကြောင်း ဒု-၀န်ကြီး ဦးလှကျော်က ဖြေကြားသည်။

ပဲခူးတိုင်း ဆယ်မိုင်ကုန်း ဘက်စုံခြံဧက(၁၀၀)ကို အရှေ့တိုင်းသတ္တုတူးဖော်ရေးကုမ္ဗဏီလီမိတက်သို့ ကနဦး(၁၀)နှစ် သက်တမ်းတိုး (၅)နှစ်နှစ်ကြိမ်ဖြင့် (၁.၇.၂၀၁၄) တွင် တနှစ်လျှင် ကျပ်(၁၀)သိန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့၍ (၁.၇.၂၀၁၆) တွင် ကျပ်သိန်း(၅၀)သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ အုတ်တွင်းချဉ်ပေါင်ပျော့ဖတ်စက်ရုံအားလည်း ကျော်ထက်ကုမ္ဗဏီ ၂၀၁၃ ခုနှစ်က တနှစ်လျှင် သန်း(၈၀)ဖြင့် နှစ်(၃၀)နှစ်ရှည်ငှားရမ်းခဲ့သော်လည်း မူလသဘောတူစာချုပ်တွင် မပါဝင်သည့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် စိစစ်သုံးသပ်၍ ထိုက်သင့်သလိုဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း ဒု-၀န်ကြီး ဦးလှကျော်က ဖြေကြားသည်။

ထွန်း(နေပြည်တော်)
News Watch

0 comments:

Post a Comment