Wednesday, May 23, 2018

ICC က မြန်မာနိုင်ငံကို အရေးယူ၍မရဟု ဦးဇော်ဌေး ပြော


နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) အနေဖြင့် မြန်မာနိုင်ငံကို အရေးယူ၍ မရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၂၃ ရက်တွင် ပြောသည်။

“မြန်မာနိုင်ငံက ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ ကုလသမဂ္ဂ အဘိဥာဉ် နဲ့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ဗီယက်နမ်ကွန်ဗေးရှင်းမှာ ပါတယ်။ သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံက လက်မှတ်ထိုးတဲ့အပြင် Redifine လုပ်ထားမှ အဲ့ဒီ နိုင်ငံအပေါ် စာချုပ်ရဲ့ သဘောတူညီချက် သက်ရောက်တယ်။ မြန်မာနိင်ငံက ICC member မဟုတ်ဘူး။ လက်မှတ်ထိုးထားတာလည်း မရှိဘူး။ ဝင်မထားဘူးပေါ့။ ဝင်မထားတဲ့အတွက် ICC က မြန်မာနိုင်ငံကို အရေးယူလို့မရဘူး” ဟု ၎င်းက ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော ဝန်ကြီးဌာနများ ၂ နှစ်တာကာလလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲအပြီးတွင် မီဒီယာဆိုင်ရာပုဂ္ဂိုလ်များသို့ ပြောသည်။

“ဒီမှာ ပြဿနာဖြစ်ပြီး ဘင်္ဂလားဒေ့ခ်ျဘက်ကို လူတွေရောက်သွားတယ်။ ဘင်္ဂလားဒေ့ခ်ျက ICC အဖွဲ့ဝင်ဖြစ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ICC ကို တင်စေချင်တဲ့ Refer လုပ်စေချင်တဲ့ သဘောပေါ့။ အဲ့သဘောနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ ရ မရဆိုတဲ့ …. ဒါက ဥပဒေလုပ်ထုံးလုပ်နည်း အသစ်ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာ Refugee Crisis တွေ ဖြစ်တယ်။ ဆီးရီးယားက ဥရောပကို သွားတယ်။ အဲ့ဒီမှာလည်း ဥရောပနိုင်ငံတွေကလည်း ခွဲတမ်းချပြီးယူရတယ်။ အဲ့ဒီလို အဲ့ဒီနိုင်ငံကြောင့် ကမ္ဘာကို လူတွေရောက်သွားတဲ့ ကိစ္စကြောင့် ဆီးရီးယားကို ICC တင်လားဆိုတော့ မတင်ဘူး။ အလားတူ အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများ အဲ့လိုတွေဖြစ်တယ်။ စစ်ပွဲတွေ ဖြစ်တဲ့အခါမှာ ဒုက္ခသည်တွေထွက်ပြီးတော့ တူရကီနယ်စပ်တွေ၊ ဘာတွေကို ကျော်ပြီးသွားတဲ့အခါမှာ ဥရောပနိုင်ငံတွေက တော်တော်လေးကို ဒုက္ခရောက်နေတယ်။ ခွဲတမ်းချရတဲ့ အဆင့် ရောက်တယ်။ သို့သော် အဲ့ဒီ နိုင်ငံတွေမှာလည်း ICC မတင်ခဲ့ဘူး။ မြန်မာနိုင်ငံကျမှ ဘင်္ဂလားဒေ့ခ်ျက ICC ဖြစ်လို့ မြန်မာနိုင်ငံကို ICC တင်လို့ရမလားဆိုတော့ ICC ရာဇဝင်မှာ နိုင်ငံတကာရာဇဝင်မှာ တစ်ခါမှမရှိဘူး”ဟု ၎င်းက ပြောသည်။

ထိုသို့  မရှိခဲ့ဖူးသည့်အပြင် မြန်မာနိုင်ငံ ကလည်း လက်ခံမှာမဟုတ်ကြောင်း၊ ICC ရောက်အောင်လုပ်သည့်နည်းက နှစ်နည်းသာ ရှိကြောင်း၊ ပထမနည်းမှာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး ICC ပို့မည်ဆိုလျှင် ရောက်သည့်နည်းဖြစ်ပြီး နောက်တနည်းမှာ - သက်ဆိုင်ရာ နိုင်ငံအစိုးရက မလုပ်ချင်မှုဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို မလုပ်လိုခြင်း၊ စုံစမ်းစစ်ဆေး အရေးယူမှုများကို မလုပ်နိင်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိခြင်း၊ မရှိနိုင်သော အခြေအနေဖြစ်ခဲ့လျှင် ICC ဝင်လို့ရကြောင်း၊ ထိုအချက်ကို UK သံအမတ်ကြီးက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးကောင်စီ ပါလာသူက ပြောထားပြီးသားဖြစ်ကြောင်း၊ ၎င်းက ပြောသည်။

ယခုဖြစ်ရပ်မှာ မြန်မာနိုင်ငံ အစိုးရက မလုပ်ချင်တာလည်းမဟုတ်။ မလုပ်နိုင်တာလည်း မဟုတ်။ ချိုးဖောက်မှုများရှိသည်ဆိုပါက ခိုင်မာသော အထောက်အထားပေးလျှင် စစ်ဆေးပြီး ဥပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်း၊ တပ်မတော်ကလည်း ကုလ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့စဉ်က ပြောထားပြီးဖြစ်ကြောင်း ဦးဇော်ဌေး ရှင်းပြခဲ့သည်။

“တပ်ချုပ်ကိုယ်တိုင် ဒီထောက်အထားတွေရှိရင် သူတို့ ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်လို့ ပြော လိုက်တယ်။ ကျွန်တော်တို့ အစိုးရက မလုပ်နိုင်တာလည်း မဟုတ်ဘူး။ မလုပ်ချင်တာလည်း မဟုတ် ဘူး။ ဒါတွေကို အရေးယူပါမယ်လို့ ပြောထားပြီးသားဖြစ်တဲ့အတွက် ICC ပို့လို့မရဘူး။ သက်ဆိုင်ရာ နိုင်ငံက စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စတခုကို နိုင်ငံတကာတရားရုံးက သူ့နိုင်ငံ Process ပြီးမှ ကျန်တာတွေ ဆက်စဉ်းစားရမယ်။ ဒါက နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ ကမ္ဘာမှာ မရှိဘူး။ နိုင်ငံတကာမှာ မရှိဘူး။ ICC တရားရုံးရဲ့ စီရင်ထုံးတွေမှာ မရှိတဲ့ အသစ်အဆန်းတွေ လုပ်လာလဲ ကျွန်တော်တို့က လက်မခံဘူး။ အဲ့ဒီက ICC ပေါ်လာမှ ပြောတာမဟုတ်ဘူး။ ပဋိပက္ခဖြစ်စဉ် တွေ ပြီးကတည်းက ပြောခဲ့တာ။ မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်စေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ကျနော်တို့ မငြင်းဘူး။ ရှိတယ်ဆိုရင် အထောက်အထားတွေပေး။ စစ်မယ်။ မှန်ရင် အရေးယူမယ်။ အဲ့ဒါက စကတည်းကပြောလာတဲ့ပေါ်လစီ။ အခုမှ ပြောတာ မဟုတ်ဘူး။ ICC ကို ရှောင်လွှဲချင်လို့ပြောတာ မဟုတ်ဘူး။ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှု ကို ပြောချင်တာ”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch

0 comments:

Post a Comment