Thursday, May 3, 2018

ယနေ့မနက်က ဖားကန့်မှာ ကျောက်ကမ်းပါးယံပြိုကျပြီး လောလောဆယ် ၁၁ လောင်းတွေ့ရှိထား


ဒီကနေ့နံနက် ၃ နာရီလောက်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါ ကျေးရွာမှာရှိတဲ့ (ဒေသအခေါ်-ကျင်းမောက်တောင်)ကျောက်အပျော့ကမ်းပါးယံပြိုကျမှုဖြစ်ပွားပြီး လောလောဆယ်သေဆုံးအလောင်း ၁၁ လောင်းရရှိထားတယ်လို့ ဖားကန့် ထွေအုပ်ရုံးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ မနက် ၄ နာရီလောက်မှာ အလောင်းတွေစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ထွေအုပ်ရုံးကဆိုပါတယ်။

"ကျောက်ကြောကမ်းပါးယံကိုတူးနေရင်းနဲ့ ကပ်လျက်မှာရှိတဲ့ တစ်ဘက်လုပ်ကွက်အထဲကိုပြိုကျသွားတာ" လို့ ထွေအုပ်ရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်ကြောကမ်းပါးယံပြိုကျမှုမှာ ဘယ်နှစ်ယောက်ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က "ဝှေခါမှာပဲဖြစ်တာ။ ကျွန်တော်အခု အဲဒီကိုသွားဖို့လုပ်နေပါတယ်" လို့ ပြောပါတယ်။

လောလောဆယ် ရရှိထားတဲ့အလောင်းတွေကို ဖားကန့်ပြည်သူ့ဆေးရုံးကိုပို့ဆောင်ထားတယ်လို့ ဖားကန့်မြို့မရဲစခန်းက ပြောပါတယ်။
သတင်းများကို ဆက်လက်ဖော်ပြပေးပါမယ်။

သီဟ
Photo Crd- ငြိမ်းစစ်နိုင်
Popular News Journal

0 comments:

Post a Comment