Wednesday, May 2, 2018

ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းခဲ့သည့် မီးသတ်တပ်ဖွဲ့ကို ပြည်ထောင်စုအစိုးရ ဂုဏ်ပြုမည်


မြန်မာနိုင်ငံတွင် ရက်အရှည်ဆုံး မီးလောင်မှုဖြစ်သည့် ထိန်ပင်အမှိုက်ပုံ လောင်ကျွမ်းမှု၌ တာဝန်အပြည့်အဝယူ၍ ငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ ကို မေလ ၅ ရက် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပထမ ဆုံးဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့၊ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ မီးငြှိမ်းသတ်ပေးတဲ့ ရဲဘော်ကနေ အနီးကပ် စီမံကွပ်ကဲပေးတဲ့ အရာထမ်းအထိ ဂုဏ်ပြူချီးမြှင့်မှာပါ။ အခုဆို ပြည်သူအားလုံးစိုးရိမ်နေကြတဲ့ ထိန်ပင်အမှိုက်ပုံမီးကို ငြှိမ်းသတ်နိုင်ခဲ့ပါ ပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို ရန်ကုန် တိုင်းအစိုးရအဖွဲ့ရုံး၌ မေလ ၅ ရက် နံနက်ပိုင်းတွင် စတင်ပြုလုပ်ရန် စီစဉ် ထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအပါအဝင် အခြားပြည် ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များ တက် ရောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဧပြီလ ၂၁ ရက်မှ စတင်လောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပုံကို ကနဦးတွင် ရေဖြင့် ပုံမှန်ငြှိမ်းသတ်ခဲ့သော်လည်း ဧက ၃၀၀ ခန့်ကျယ်သည့်အတွက် မီးမှာ အမှိုက်ပုံ အောက်ခြေအထိ လှိုက်လောင်နေခြင်းကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထိုင်းနိုင်ငံမှ Bio Foam ဆေးရည် ဂါလန် တစ်သောင်းနီးပါး အရေးပေါ် မှာယူ၍ ဇုန် ၄ ဇုန်ခွဲကာ အဆင့်ဆင့် ငြှိမ်းခဲ့ရာတွင် ၂ ရက်နေ့၌ နောက်ဆုံးအဆင့် ၁၀ ရာခိုင်နှုန်းကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းက အပြီးသတ် ငြှိမ်းနိုင်ခဲ့ပါပြီ။ ပြည်သူတွေ စိုးရိမ်သောက ဖြစ်စရာ မလိုတော့ပါဘူး။ လောလောဆယ် ဘယ်လိုကြောင့် မီးလောင်မှုဖြစ်လဲဆိုတဲ့ (Cause Of Fire) ကို ရှာဖွေစစ်ဆေးနေတယ်” ဟု မီးသတ်အရာရှိတစ်ဦးက ဆိုသည်။

ရက်ပေါင်း ၁၂ ရက်ကြာ လောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပုံမီးသည် စတင်လောင်ကျွမ်းပြီး ငါးရက်အတွင်း လှိုင်သာယာမြို့နယ် အပါအဝင် မြို့နယ် အများအပြား မီးခိုးညှော်နံ့ လေထုမှတစ်ဆင့် ပျံ့နှံခဲ့သည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို ပြည်သူများက စိုးရိမ်ခဲ့သည်။

သို့သော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ထိန်ပင် အမှိုက်ပုံအနီးရှိ ရပ်ကွက်အချို့တွင် ဆေးကုခန်းများဖွင့်၍ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး ဆေးရုံသို့ အရေးပေါ်တင်ပို့ရန် လိုအပ်သည့် လူနာများကိုလည်း အရေးပေါ်ကားများဖြင့် လှိုင်သာယာဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment