ရန်ကုန်တိုင်းအတွင်း ဆယ်ရက်ကျော်ကြာ လောင်ကျွမ်းခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမီးကို မေ ၂ ရက်တွင် အပြီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
ဧပြီလ ၂၁ ရက်မှ မေလ ၂ ရက်အထိ လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှာ ရန်ကုန်တိုင်းတွင် ရက်အကြာရှည်ဆုံး လောင်ကျွမ်းသည့် မီးလောင်မှုဖြစ်ပြီး မေလ ၂ ရက်တွင် ကျန်ရှိသည့် နောက်ဆုံးအပိုင်းကို အပြီးသတ် ငြှိမ်းသတ်ပြီးပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“အပြီးသတ် ငြှိမ်းနိုင်ပြီဆိုပေမယ့် နောက်ရက်မှာ အင်အားထုတ်ပြီး ထားဦးပါမယ်။ မီးငြိမ်းတယ်ဆိုပေမယ့်အောက်မှာ အပူငွေ့ဆိုတာ ရှိသေးတယ်။ မိုးရွာတာ မရှိဘူး။ ရာသီဥတုက ပူနေသေးတော့ ပြန်လောင်မှာစိုးလို့ မီးခိုးထွက်တာနဲ့ ငြှိမ်းနိုင်အောင်လို့ အရန်အင်အားတွေ မေလ ၄ ရက်နေ့အထိ ထားခဲ့ဦးမယ်။ မီးကတော့ အပြီးငြိမ်းပြီ”ဟု ၎င်းကဆိုသည်။
မီးလောင်မှုကို ရေဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း အငွေများပါငြှိမ်းနိုင်စေရန် ဧပြီလ ၂၆ ရက် ညက ထိုင်းနိုင်ငံမှ ရောက်ရှိလာသည့် Bio Foam ဂါလန် ၂၀၀၀ ကိုသုံးပြီး ဧပြီလ ၂၇ မှစတင်ကာ ငြှိမ်းသတ်ခဲ့ရာ လှိုက်လောင်နေသော အငွေ့များ ကျန်နေသေးဖြင့် ထိုင်းနိုင်ငံမှ ပညာရှင်များ၏ အကြံပေးချက်အရ ဧပြီလ ၂၉ ရက်မှစ၍ နေရာလေးခုခွဲကာ Bio Foam နှင့် ဆပ်ပြာရောစပ်ကာ မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။
“ဘိုင်အိုဖောင်းတွေက စုစုပေါင်း ဂါလန် ၇၀၀၀ လောက်ရှိတယ်။ လိုအပ်တဲ့နေရာတွေပဲ ဖြန်းတဲ့အတွက် ဂါလန် ၂၀၀၀ ကျော်လောက် ကုန်တယ်”ဟု ၎င်းကဆိုသည်။
မေလ ၂ ရက်တွင် မီးအားလုံး ငြှိမ်းသတ်နိုင်ပြီ ဖြစ်သော်လည်း နောက်ရက်များတွင် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေသယ်ယာဉ်များလည်း အဆင်သင့် ထားရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်သားများ၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အမှတ်(၅) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ ဝိုင်းဝန်း ကူညီငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။
The Voice
0 comments:
Post a Comment