Wednesday, May 2, 2018

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရသက်သေအဖြစ် လျှောက်ထားမှု တရားရုံးက ပယ်ချ


နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက် နှစ်ယောက်ကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု ထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် တင်သွင်းသည့် အစိုးရရှေ့နေ၏ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့သည်။

“တရားလိုဘက်က ရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့ သက်သေအဖြစ် လျှောက်လဲချက်ကို တရားရုံးက ပယ်ချလိုက်တယ်။ လာမယ့်ရုံးချိန်းကျရင် ရဲမှူးမိုးရန်နိုင်ကို ဆက်စစ်ဆေးသွားမယ်။ သူ ဒီနေ့ မလာဖြစ်တာက ပြီးခဲ့တဲ့ သောကြာနေ့က သူကို ထောင်တစ်နှစ်ချလိုက်တယ်”ဟု သတင်းထောက်နှစ်ယောက်၏ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

ရိုက်တာသတင်းထောက် နှစ်ယောက်အမှုတွင် ရဲမှူးမိုးရန်နိုင် သက်သေအဖြစ် ပြန်ပါလာသည့်အတွက် သတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းခံရသည်ဆိုသည့်ထွက်ချက်သည် သက်သေအဖြစ် ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒုရဲမှူးမိုးရန်နိုင်နှင့် မိသားစုဝင်များ ဖိအားပေးခံရမည်ကို စိုးရိမ်ကြောင်း ရုံးချိန်းအပြီးတွင် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ပြောကြားသည်။

“ဒုရဲမှူးမိုးရန်နိုင်ကို ယုံကြည်ရတဲ့ သက်သေအနေနဲ့ အတည်ပြုလိုက်ပြီးဆိုတော့ တရားခွင်မှာ ကျွန်တော်တို့ကို ထောင်ချောက်ဆင် ဖမ်းတယ်လို့ ထွက်ဆိုထားတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အဆင့်အနေနဲ့ စုံစမ်းပေးစေချင်တယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ သူရော သူ့မိသားစုတွေကို ဖိအားပေးခံရရင် မဆီလျှော်တာတွေ ထွက်ဆိုမှာကို စိုးရိမ်တယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကို အနိုင်မကျင့်ကြပါနဲ့”ဟု ၎င်းကပြောကြားသည်။

နောက်ထပ် ရုံးချိန်းကို မေ ၉ ရက်သို့ ထပ်မံ ချိန်းဆိုထားပြီး ရုံးချိန်းတွင် ဒုရဲမှူး မိုးရန်နိုင်ကို တရားလိုပြသက်သေအဖြစ် မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ထားသည်။

The Voice

0 comments:

Post a Comment