Sunday, February 3, 2019

နာမည်ကြီး နှင်းလျောစီးမယ် လင်ဆေးဗွန်း အနားယူတော့မည်


အမေရိကန်နာမည်ကြီး နှင်းလျောစီးမယ် လင်ဆေးဗွန်းဟာ လာမယ့် မတ်လအတွင်း ဆွီဒင်နိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးရင် အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ 
သူမဟာ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိလာပြီး ဒူးနှစ်ဖက်စလုံး ဒဏ်ရာအခြေအနေ ဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့လက အီတလီနှင်းလျောစီးပြိုင်ပွဲမှာလည်း ဒူးဒဏ်ရာကြောင့် ဗွန်းအနေနဲ့ ပန်းဝင်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဗွန်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှသာ အနားယူဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့် စောစောစီးစီး အနားယူခဲ့ရတာ ဖြစ်ပါတယ်။ 

ဗွန်းက အခုလို အနားယူဖို့အတွက် ၂ ပတ်လောက်ကြာအောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က ရပ်တန့်ဖို့ အမိန့်ပေးနေလို့ နာခံမှဖြစ်မယ်ဆိုပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ 

လင်ဆေးဗွန်းဟာ ကမ္ဘာ့ချန်ပီယံဆုအပါအဝင် အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ အခြားဆုတံဆိပ်ပေါင်းများစွာ ရရှိထားခဲ့ပြီး သမိုင်းတလျှောက် အအောင်မြင်ဆုံး အမျိုးသမီး နှင်းလျောစီး စကိတ်သမားဖြစ်ပါတယ်။ 

သူမရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့သလို အန်နီမေရီ မိုဆာပရိုးလ်ပြီးရင် နှင်းလျောစီးအားကစား သမိုင်းတလျှောက် ဒုတိယ အအောင်မြင်ဆုံး ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment