Sunday, February 3, 2019

မြစ်ဆုံစီမံကိန်း ကန့်ကွက်ခဲ့သော အာဏာရ အဖွဲ့အစည်းမှ နိုင်ငံရေးသမားများ လက်ရှိတွင်လေသံပြောင်းနေပြီဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ပြော


မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်ခဲ့သော အာဏာရ အဖွဲ့အစည်းမှ နိုင်ငံရေးသမားများ ယခုအချိန်တွင် လေသံပြောင်းနေပြီဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။ 
ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းရန်ကုန်တွင် ဖေဖေါ်ဝါရီလ ၃ ရက်က ကျင်းပသော မြစ်ဆုံရေကာတာတည်ဆောက်ခြင်းအား အပြီးတိုင်ရပ်တန့် ဖျက်သိမ်းရေး ပညာရှင်များဟောပြောပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 

“ ဧရာဝတီမြစ်ဆုံမှာ တာဆောက်တဲ့ကိစ္စကို ကျွန်တော်ကန့်ကွက်ပါတယ်လို့ပြောခဲ့ပါတယ်။ အဲဒီကန့်ကွက်တယ်ဆိုတဲ့ သဘောထားဟာ ယနေ့အချိန်ထိ ဒီအတိုင်းပါပဲ။ တစ်ခါမှလည်းမပြောင်းလဲခဲ့ပါဘူး။ ဒီနေရာမှာ ကျွန်တော်ကမပြောင်းလဲပေမဲ့ ကျွန်တော်တို့နဲ့အတူ တစ်သဘောထားတည်း၊ တစ်လေတည်း ရှိခဲ့တဲ့တချို့ပုဂ္ဂိုလ်တွေက တဖြည်းဖြည်းလေသံတွေပြောင်းလာတယ်။ ဒါပေမဲ့ အဲဒီလေသံပြောင်းလာတဲ့လူတွေ အားလုံးကိုကြည့်လိုက်ရင် ဘယ်သူ့ကိုမှပုတ်ခတ်ပြောတာတော့မဟုတ်ပါဘူး။ ကျွန်တော့်အမြင်နဲ့ ကျွန်တော် သုံးသပ်ချက်အရပြောရရင်တော့ အဲဒီလေသံပြောင်းလာတဲ့သူတွေကတော့ လက်ရှိအာဏာရ အဖွဲ့အစည်းတွေမှာပါတဲ့ နိုင်ငံရေးသမားတွေပါပဲ။ အရင်တုန်းကရဲရဲတောက်မလုပ်ဘူး။ ကာကွယ်မယ်။ နိုင်ငံနဲ့အချုပ်အခြာအာဏာကိုထိပါးရင် လျှပ်စစ်ဓာတ်ကိစ္စတစ်ခုတည်းနဲ့မဟုတ်ဘူး။ အခြားရှုပ်ထွေးတဲ့ကိစ္စ ပါတယ်လို့ပြောခဲ့တဲ့လူကလည်း ဒီနေ့လေသံက တစ်မျိုးဖြစ်လာတယ်။ ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတယ်။ အတတ်ပညာရှင်နဲ့နိုင်ငံရေးပညာရှင်ဟာဒီနေရာမှာနည်းနည်းကွာပါလား။ နိုင်ငံရေးပညာရှင်တွေက များသောအားဖြင့် ဒီပလိုမေစီကိုသုံးပါတယ်။ သံတမန်နည်းပညာသုံးတဲ့အခါမှာ ဒီလိုမျိုးတွေကိုသူတို့မှာ Yes တို့ NO တို့မရှိပါဘူး။ May be ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲသုံးတယ်လို့ ကျွန်တော်ဒီလိုပဲလေ့လာဖူးပါတယ်" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ 

မြစ်ဆုံရေကာတာစီမံကိန်းသည် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံစီပီအိုင်နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်အပြီးသတ်တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ၂၀၁၁ ခုနှစ်တွင်အများပြည်သူ နှင့် ပညာရှင်များမှ ကန့်ကွက်သောကြောင့် သမ္မတဦးသိန်းစိန်မှ ၄င်းလက်ထက်ယာယီရပ်ဆိုင်းခဲ့သည်။ 

ယင်းနောက် ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဆန္ဒမဲထက်ဝက်ကျော်ဖြင့်အနိုင်ရရှိခဲ့သည်။ 

မြစ်ဆုံရေကာတာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်အထက်ပိုင်းတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကျယ်ပေ ၅၀၀ ၊ အမြင့်ပေ ၅၀၀ ရှိကာ အဆိုပါစီမံကိန်းပြီးစီးသွားပါက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment