Sunday, February 3, 2019

သမီးရည်းစားချင်းချစ်ကြိုက်ပြီး ကိုယ်ဝန်ရရှိလာချိန်၌ တာဝန်မယူလိုသောအမျိုးသားကို အမှုဖွင့်


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၁၅ နှစ်အရွယ်မိန်းကလေးနှင့် ချစ်ကြိုက်သူ ၂၅ နှစ်အရွယ်အမျိုးသားအား အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 
  
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ကျေးရွာနေ မျိုးအောင်(၂၅)နှစ်သည် တစ်ရွာတည်းနေ မ----၊ ၁၅ နှစ်နှင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ချစ်ကြိုက်ခဲ့ရာမှ မ--- တွင် ကိုယ်ဝန်ရရှိခဲ့ကြောင်း သိရသည်။ 

ထို့သို့ရရှိလာသော ကိုယ်ဝန်ကို မ---- ၏ အဘွားဖြစ်သူက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် သိရှိခဲ့သဖြင့် မြေးမလေး၏ကိုယ်ဝန်ကိုတာဝန်ယူပေးရန် ညှိနှိုင်းခဲ့သော်လည်း မျိုးအောင်က တာဝန်မယူနိုင်သည့်အပြင် ကလေးဖခင်နေရာ၌၎င်း၏အမည်မထည့်ရန် တာဝန်မဲ့စွာပြောဆိုခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။ 

ယင်းအတွက်ကြောင့် စိန်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားစဉ် ရုံးတာဝန်ရှိသူများ၏ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် မျိုးအောင်က မ--- တို့ထံငွေကျပ်(၅)သိန်းပေးလျော်ပြီး နှစ်ဘက်လက်မှတ်ထိုးကျေအေး ပေးခဲ့ကြောင်း သိရသည်။ 

ယင်းနောက် မ----- ၏ကိုယ်ဝန်မှာ ၅ လခန့်ရှိနေပြီဖြစ်သည့်အတွက် မီးဖွားပြီးချိန်၌ ကလေးအား လိုချင်သူရှိပါက ပေးလိုက်ရန် ရင်ခွင်မဲ့ကလေးလျော့ချရေးစီမံချက်ဖြင့် ကျေးရွာသို့ကွင်းဆင်းရောက်ရှိလာသော အနာဂတ်အလင်းတန်း လူမှုကွန်ယက်အဖွဲ့မှ ဥက္ကဋ္ဌဒေါ်သက်ထားလွင်နှင့် သားဖွားဆရာမဒ်ါငွေငြိမ်းတို့ထံသို့ သွားရောက်ပြောဆိုခဲ့သည်ဟု သိရသည်။ 

ထို့ကြောင့် အနာဂတ်အလင်းတန်း လူမှုကွန်ယက်အဖွဲ့မှ တာဝန်ရှိသူများက ဖြစ်စဉ်ကိုမေးမြန်းရာမှ သိရှိခဲ့ပြီး ကမာဝက်နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အမှုနှင့်ပတ်သက်၍ မျိုးအောင်(၂၅)နှစ်ကိုဖမ်းဆီးပြီး ကမာဝက်နယ်မြေရဲစခန်း၌ (ပ)၆၁/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ကာ ယနေ့(ဖေဖော်ရီလ ၄ ရက်)တွင် ရုံးထုတ်ရမန်ရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Source - အမွှာညီနောင်(မုဒုံ) 
ဒါးဇ(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment