Sunday, February 3, 2019

လမ်းတံတားများကို တာဝန်ခံမှု တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ရန် ဒုသမ္မတ တိုက်တွန်း


ပြည်သူ့ဘဏ္ဍာငွေနဲ့ တည်ဆောက်ထားတဲ့ လမ်း၊ တံတား၊ အဆောက်အအုံတွေကို အရည်အသွေးပြည့်မီအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ကြဖို့လည်း ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 
ဇန်န၀ါရီ ၃ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွပ်ကျေးရွာအုပ်စု မြစ်ကျိုးဝကျေးရွာရှိ င၀န်မြစ်ကူးတံတားဖွင့်မှာ အခုလို ပြောကြားလိုက်တာပါ။ 

“ပြည်သူ့ ဘဏ္ဍာများ အများအပြားအကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံထားသည့် လမ်း၊ တံတားများ အပါအဝင် အခြေခံအဆောက်အအုံများ အရည်အသွေးပြည့်မီရန် သက်ဆိုင်ရာတာဝန်ရှိ သူများက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်သွားရန်ပြောကြားလိုပါကြောင်း၊ အခြခံ အဆောက်အဦများ ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးစေလိုပါကြောင်း။” 

ဒီနေ့ဖွင့်လှစ်ခဲ့တဲ့ ၁၉၆၈ ပေရှိတဲ့ ငဝန်တံတား(လေးမျက်နှာ) အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးမှာ လမ်းမိုင်ပေါင်း ၁၈၆၂ မိုင် ဖောက်လုပ်ထားပြီး ပေ ၁၈ဝ နဲ့ အထက် တံတား ၉၉ စင်း ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

တိုင်းဒေသကြီးအတွင်းရှိ ကြံ့ခိုင်မှုအားနည်းနေတဲ့ ကြိုးတံတားတွေ ဖြစ်တဲ့ ဝါးခယ်မတံတား၊ လပွတ္တာ (ပင်လယ်လေး) တံတား၊ ရွှေလောင်းတံတား၊ ကျွန်းကုန်းတံတားတွေကို ပြန်လည် အားဖြည့်တည်ဆောက်သွားမယ်လို့ ဒုသမ္မတက ဆိုပါတယ်။ 

အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်တာဝန်ရှိသူတွေအနေနဲ့လည်း ဥပဒေနဲ့အညီ တရားနည်းလမ်းတကျ မျှမျှတတအုပ်ချုပ်ဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာကွယ်ပေးတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့၊ နိုင်ငံသူနိုင်ငံသားတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးယန္တရားမဖြစ်စေရေး ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းသွားပါတယ်။ 

ငဝန်တံတားဟာကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ခတ္တူ-ပန်းတောကြီး လမ်းတလျှောက်နဲ့ လေးမျက်နှာမြို့ အနောက်ဘက်ခြမ်းဒေသရှိ ဒေသခံပြည်သူတွေအနေနဲ့ မြို့နယ်အသီးသီးကို တံတားကြီး အသုံးပြုဖြတ်သန်းနိုင်ပြီ ဖြစ်ပါတယ်။ 

DVB

0 comments:

Post a Comment