Sunday, February 3, 2019

ပြင်သစ် Yellow Vest ဆန္ဒပြပွဲများအတွင်း ရဲတို့၏ အကြမ်းဖက်မှုများကို ဆန့်ကျင်


အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ပြင်သစ်ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ ရှုတ်ချရန်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်အစိုးရကို ဆက်လက်ဖိအားပေးရန်အတွက် ဖေဖော်ဝါရီ ၂ ရက်က Yellow Vest ဆန္ဒပြသူများ ပါရီလမ်းမများထက်သို့ ရောက်ရှိခဲ့ကြပြန်သည်။ ၁၂ ပတ်မြောက်ဖြစ်သော ယခုတစ်ကြိမ် Yellow Vest ဆန္ဒပြမှုများတွင် အများစုမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။ 
ပါရီမြို့တွင်မူ ဖေဖော်ဝါရီ ၂ ရက် မွန်း လွဲပိုင်းအချိန်က Republic ပလာဇာအနီးသို့ ဆန္ဒပြသူရာပေါင်းများစွာ ဦးတည်ချီတက်လာခဲ့ကြပြီး ထိုနေရာတွင် ရဲတပ်ဖွဲ့နှင့် အချို့သောဆန္ဒပြသူများအကြား လုံးထွေးမှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြင်သစ်နိုင်ငံ တောင်ပိုင်းဘော်ဒိုးမြို့၊ တူးလောက်မြို့နှင့် ဗာလင်းမြို့တို့တွင်လည်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

Yellow Vest လှုပ်ရှားမှုအတွင်း သဘောထားကွဲလွဲမှုများ မြင့်တက်လာသော်လည်း ပါရီမြို့မှ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ရုန်းရင်းဆန်ခတ်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် Yellow Vest ဆန္ဒပြသူများအား ဂုဏ်ပြုခဲ့ကြသည်။ အချို့သော ဆန္ဒပြသူများက Yellow Vest လှုပ်ရှားမှုကို နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် တောင်းဆိုနေကြသော်လည်း အပြိုင်အဆိုင်ရှိသော Yellow Vest အဖွဲ့တို့ကမူ လာမည့်မေလတွင် ကျင်းပမည့် ဥရောပပါလီမန်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို တင်သွင်းရန် အသင့်ရှိနေကြသည်။ 

Yellow Vest လှုပ်ရှားမှု စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၇ ရက်မှစ၍ ဆန့်ကျင်ဆန္ဒပြမှုများအတွင်း မျက်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် လူလေးဦးအပါအဝင် လူ ၂၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ သီးခြားဖြစ်စဉ်အနေဖြင့် Yellow Vest လှုပ်ရှားမှုများနှင့် ဆက်နွှယ်သော ယာဉ်မတော်တဆမှုများအတွင်း လူ ၁၀ ဦးသေဆုံးခဲ့သည်။ 

ဆန္ဒပြမှုများကို အကြောင်းပြု၍ ရဲတပ်ဖွဲ့အား တိုက်ခိုက်ရန်ရည်ရွယ်သော ပြဿနာရှာသူများကို ရင်ဆိုင်ရန် လုပ်ဆောင်ချက်များကို ကျားကန်ပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို ပြင်သစ်ပါလီမန်က ဆွေးနွေးနေသည်။ 

Eleven Media Group

0 comments:

Post a Comment