Sunday, February 3, 2019

ကလေးမြို့တွင် ရင်ချင်းဆက် အမြွှာမိန်းကလေးနှစ်ဦး မွေးဖွားပြီး နာရီ ၄၀ ခန့်အကြာတွင် သေဆုံး


ကလေးမြို့တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာမိန်းကလေးနှစ်ဦးကို မွေးဖွားခဲ့ပြီး ဖေဖ်ာဝါရီ ၃ ရက် နံနက် ၂ နာရီ မိနစ် ၄၀ တွင် သေဆုံးသွားခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် သိရသည်။ 
“ဒီနေ့ မနက် ၂ နာရီ ၄၀ မိနစ်လောက်မှာ သေဆုံးသွားပါတယ်။ ကျွန်မတို့က သေဆုံးပြီးတဲ့အခါကျတော့ ရင်ခွဲစမ်းသပ်တာ လုပ်လိုက်ပါတယ်။ လုပ်လိုက်တဲ့အခါကျတော့ ကလေးက နှစ်ယောက်မှာမှ တစ်ခုပဲရှိတယ်။ ပြောရရင် အတွင်းက ကလီစာတွေက နှစ်ယောက်မှာတစ်စုံ (တစ်ယောက်စာ) စာ ရှိတဲ့ သဘောဖြစ်နေတယ်။ မွေးလာကတည်းက အောက်ဆီဂျင် ပေးခဲ့ပေမဲ့လည်း ကလေးက အခြေအနေက အရမ်းကြီး ကောင်းမလာဘူးပေါ့။ မွေးလာကတည်းကလည်း အခြေအနေက အရမ်းအကောင်းကြီးတော့ မဟုတ်ပါဘူး။ နှစ်ယောက်မှာမှ နှလုံးတစ်ခုဆိုတော့ အသက်ရှင်ဖို့ ခဲယဉ်းတာပေါ့။ တကယ်လို့သာ ဆက်ပြီးရှိမယ်ဆိုရင်တောင် ရှင်နိုင်မယ်မထင်ဘူး။ ခွဲစိတ်ဖို့ဆိုတာ ဝေးရောပေါ့။ ၂၄ နာရီကျော်တော့ ခံသွားတာပေါ့။ ကျွန်မတို့လည်း အတွင်းအခြေအနေကို သိချင်လို့ ရင်ခွဲစစ်ဆေးလိုက်ပါတယ်။ သူတို့မွေးတာက သောကြာနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က မွေးတာဆိုတော့ နာရီ ၄၀ ခံသွားပါတယ်။ ဒီမနက် ၂ နာရီ ၄၀ မိနစ်မှ သေဆုံးတယ်လို့ သတ်မှတ်လိုက်တယ်။ စိတ်မကောင်းပါဘူး။ ကျွန်မတို့လည်း ရှင်စေချင်တာပေါ့။ ဒါပေမဲ့ အနေအထားက ရှင်နိုင်ဖို့ နည်းတာပေါ့” ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ နုနုထွေးက ပြောကြားသည်။ 

အဆိုပါ အမြွှာမိန်းကလေးနှစ်ဦးကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့ပြီး ကလေးများသည် ရှစ်ပေါင် ရှစ်အောင်စရှိကာ ကျန်းမာရေး လိုအပ်ချက်များကြောင့် ကလေးမြို့ဆေးရုံကြီးတွင် ဂရုစိုက်စောင့်ရှောက်ခဲ့ကြသည်ဟု သိရသည်။ 

အဆိုပါ အမြွှာကလေးငယ်နှစ်ဦးကို ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သော အဖ ဦးကျော်ဇေယျနှင့် အမိ ဒေါ်သီတာဝင်းတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ရင်ချင်းဆက်အမြွှာအဖြစ် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ပထမဆုံးအကြိမ် မွေးဖွားပေးခဲ့ခြင်းဖြစ်ကာ ကျန်းမာရေးကောင်းမွန်လာပါက မန္တလေးမြို့သို့ ပို့ဆောင်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန်စီစဉ်ဆောင်ရွက်နေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment