Thursday, July 18, 2019

တနင်္သာရီမြို့နယ်အတွင်းရှိ မြို့နှစ်မြို့နှင့်ကျေးရွာတချို့ကို လျှပ်စစ်မီးတစ်ယူနစ် ကျပ် ၃၀၀ ဖြင့်ရရှိမည့်ကိစ္စအပေါ်ဒေသခံများက အမြန်ဆုံးဆောင်ရွက်ပေးရန်တောင်းဆို


မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မြို့နှစ်မြို့နှင့် ကျေးရွာတချို့ကို လျှပ်စစ်မီးတစ် ယူနစ်လျှင် ကျပ် ၃၀၀ ဖြင့် ရရှိမည့်ကိစ္စအပေါ်ဒေသခံများက အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်မီးတစ်ယူနစ်လျှင်ကျပ် ၅၅၀ မှ ၆၀၀ အထိ ဈေးနှုန်းကြီးမြင့်စွာ သုံးစွဲနေရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသတချို့တွင် လျှပ်စစ်မီးကျပ် ၃၀၀ ဖြင့် မီးပေးမည့်အစီ အစဉ်တစ်ခုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံတင်ပြထားပြီး ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဈေးနှုန်း ထက်ဝက်ခန့်သက်သာ မည့်အဆိုပါစီမံကိန်းကို ဒေသခံများက အမြန်ဆုံး အကောင်ထည်ဖော်ပေးရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အမြန်ဆုံးခွင့်ပြုပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
“မောတောင်မှာ ခန့်မှန်းအိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်လောက်ရှိပါတယ်။ အခုလက်ရှိကျွန်တော်တို့ လျှပ်စစ်မီးတစ်ယူနစ်ကို ၅၅၀ ကျပ်နှင့် သုံးစွဲနေရပါတယ်။ တစ်ယူနစ်ကို ကျပ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုတွေကို ချပြရှင်းလင်းပွဲတွေ လုပ်ပေးတယ်။ ဒီထက်မက မြန်ဆန်စေချင်လို့ တစ်လအတွင်းလောက်မှာပဲ လာရောက်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒေသခံတွေအတွက် ကုန်ကျမှု မြန်မြန်သက်သာမှာပါ။ အခု ၅၅၀ ပေးနေရတဲ့အတွက် တစ်လငါးသောင်းလောက် ကျသင့်နေတယ်။ ကျပ် ၃၀၀ နှင့် ဆိုရင်တော့နှစ်သောင်းခွဲ လောက်ပဲ ကုန်တော့မှာပါ။ မီတာခသက်သာ လာရင်စက်ရုံအလုပ်ရုံတွေ ဝင်ရောက်ပြီးရင်း နှီးမြှုပ်နှံလာမယ်။ ဒါမှလည်းဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာပါလိမ့်မယ်” ဟု မောတောင်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင် (ခ)သားလေးက ပြောကြားသည်။
လျှပ်စစ်တစ်ယူနစ်လျှင်ကျပ် ၃၀၀ ဖြင့် မီးပေးမည့်အစီအစဉ်ကို Royal Myanmar Light Co. Litd နှင့် ထိုင်းနိုင်ငံရှိ Tanaosri Panich Co. Ltd တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရထံသို့ စီမံကိန်းလုပ်ဆောင်မည့်အပေါ် ခွင့်ပြုပေးရန် လွန်ခဲ့သည့် ငါးလကျော်ကတည်းက တင်ပြထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“စက်ရုံဆောက်မယ့်ပုံစံတွေကို ရှင်းပြတယ်။ စက်ရုံဆောက်ပြီး ခြောက်လအတွင်း ဓာတ်အားဖြန့်ဖြူး ဖို့စီမံထားပါတယ်။ တင်ဒါခေါ်ရင်လည်း ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ တစ်ယူနစ်ကျပ် ၃၀၀ ဈေးနှုန်းထက် မပိုတဲ့နှုန်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ဒေသခံတွေကလည်း ဒီအစည်းအဝေးမှတ်တမ်းတွေနဲ့ တိုင်းဒေသကြီးအစိုးရကို တင်ပြတောင်းဆိုမယ်။ ကျွန်တော်တို့ကလည်း မှတ်တမ်းတွေနဲ့ တကွပြန်တင်ပြပြီး တောင်းဆိုမယ်။ အဲဒါဆို ရင်တင်ဒါခေါ်တဲ့အခါမှာ မြန်ဆန်သွားမယ်။ တစ်ယူနစ်ကို ကျပ် ၃၀၀ နဲ့ ဖြန့်ဖြူးမယ်။ လုပ်ပိုင်ခွင့်ရသွားမယ်ဆိုရင် လုပ်ပိုင်ခွင့်ရတဲ့နှစ်အထိ တစ်ယူနစ်ကို ကျပ် ၃၀၀ ထက်လုံးဝ မကျော်ပါဘူး။ ကျွန်တော်တို့က တိုင်းဒေသကြီးနဲ့ စာချုပ်ချုပ်တဲ့အခါမှာ ထည့်သွင်းချုပ်ဆိုသွားမှာပါ” ဟု Royal Myanmar Light Co. Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကတင်ပြထားခဲ့သလို တိုင်းလျှပ်စစ် အင်ဂျင်နီယာဌာနသို့လည်း တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ ဒေသခံများက စီမံကိန်း အကောင်ထည်ဖော်မှု နှေးကွေးနေသည်ဟုဆိုကာ ပြောဆိုလာကြသည့်အတွက် ဇူလိုင်လ ဒုတိယအပတ်တွင် အခြေအနေကို လာရောက်ရှင်းပြခဲ့ရခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
“၃၀၀ နဲ့ ပေးနိုင်မယ့်ကုမ္ပဏီကို စာချုပ်စည်းမျဉ်းတွေနဲ့ အမြန်ဆုံးခွင့်ပြုပေးဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့လည်း ကျပ် ၃၀၀ နဲ့ အမြန်ဆုံးမီးသုံးစွဲချင်ပါပြီ။ လက်ရှိမြိတ်အများပိုင်နဲ့ ဖိုးသီချိုကုမ္ပဏီတို့ပူးပေါင်းပြီး မီးပေးနေတယ်။ ကုမ္ပဏီအချင်းချင်း ညှိနှိုင်းကြပါ။ အစိုးရကလည်း အမြန်ဆုံးခွင့်ပြုပေးပါ။ ဒါမှ ကျွန်တော်တို့ဒေသလည်း အမြန်ဆုံးမီးလင်းမှာပါ။ ကျွန်တော်တို့က မီးလိုပါတယ်။ ဒါပေမဲ့ကုမ္ပဏီက ကျွန်တော်တို့ဒေသကို ဘယ်လောက်အထိ မီးပေးနိုင်မလဲ။ ရှုံးရင်ရပ်နား လိုက်မလား။ ဒါမှမဟုတ် ဆက်ပေးမှာလား။ သူတို့ ကတိပေးထားတာက ၃၀၀ ထက်မပိုသော နှုန်းထားနဲ့ပါ ၃၀၀ ထက်ပိုမှပေးမယ်။ မရရင် ရပ်နားသွားမယ်ဆိုတာမျိုး ဖြစ်စေလိုပါ။ ကုမ္ပဏီကလည်း ကတိပေးပါ။ အစိုးရမှလည်း စာချုပ်ထဲမှာ ထည့်သွင်းပေးရင် ကျွန်တော်တို့ ဒေသခံတွေက ယုံကြည်မှာပါ” ဟု မောတောင်မြို့ဒေသခံဦးမျိုးသန့်က ပြောကြားသည်။
လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၃၀၀ ဖြင့်မြန်မာ - ထိုင်းနယ်စပ် မောတောင်မြို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တနင်္သာရီမြို့ တကူကျေးရွာ၊ ပဝကျေးရွာနှင့် သာရဘွင်ကျေးရွာများကို လျှပ်စစ်မီးဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment