Monday, July 1, 2019

(၆)ကြိမ်မြောက် ထီဖွင့်ပွဲအတွက် အက္ခရာ(၃၆)လုံးဖြင့် ထီအုပ်ရေ(၂၉)သိန်းကျော် ရောင်းချသွားမည်


လာမယ့်သြဂုတ်(၁)ရက်မှာဖွင့်လှစ်မယ့် ကျပ်(၁ဝဝဝ)တန်အောင်ပါလေထီဖွင့်ပွဲမှာ ထီစာအုပ်အကုန် ရောင်းချ နိုင်ဖို့အတွက် အက္ခရာအလုံးရေ(၃၆)လုံး၊ ထီအုပ်ရေ (၂၉)သိန်းကျော်သာ ရောင်းချသွားမယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်ကပြောပါတယ်။ 
(၁)ကြိမ်မြောက်ကနေ(၅)ကြိမ်မြောက်အထိ အောင်ဘာလေထီဖွင့်ပွဲတွေမှာ ရောင်းချဖို့ကျန်တဲ့ ထီစာအုပ်တွေ ရှိခဲ့တဲ့အတွက် အခုလိုလျှော့ချတာလို့ သိရပါတယ်။ အက္ခရာလျှော့ထားတဲ့အတွက် ထီစာအုပ်ကုန်အောင် ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဦးကျော်သန့်လွင် ကဆိုပါတယ်။ (၅)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို ဇူလိုင်(၁)ရက်က ရန်ကုန်မြို့ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထီဖွင့်ပွဲမှာ အက္ခရာ(၃၇)လုံး၊ ထီစာအုပ်(၃၁)သိန်းကျော် ရောင်းချရမှုကနေ ကျပ်သန်းပေါင်း (၁၈ဝဝဝ)ကျော်ကိုဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ခဲ့ပါတယ်။ 
ဇူလိုင်(၁)ရက်မှာဖွင့်တဲ့ ထီဖွင့်ပွဲမှာ သတ်မှတ်ကာလအတွင်း လာရောက် မထုတ်ယူတဲ့ ဘဏ္ဍာသိမ်းဆုမဲတွေ ထဲက ကျပ်သန်း(၂၅ဝ)ကို ဆုမဲအဖြစ်ပြန်လည်ခွဲဝေချီးမြှင့်ခဲ့သလို လာမယ့်အောင်ဘာလေထီဖွင့်ပွဲတွေမှာ လည်း ဆက်လက်ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။ အဲဒီဘဏ္ဍာသိမ်းဆုငွေတွေထဲကနေ ကျပ်(၁ဝ)သိန်း (၄)ဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲတွေအဖြစ် ကျပ်(၃)သိန်း (၂ဝ)ဆု၊ ကျပ်(၂)သိန်း (၂ဝဝ)ဆုနဲ့ ကျပ်(၁)သိန်း (၂ဝဝဝ)ဆုတို့ကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ 
သတင်း - စန်းဝေအောင်
One News Myanmar 

0 comments:

Post a Comment