Thursday, August 1, 2019

တရုတ်ခရီးသွားများထံမှ ထိုက်သင့်သည့်ဝင်ငွေများ ရရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရပြီး Zero Budget ဆိုသည်မှာ တင်စားပြောဆိုခြင်းသာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

တရုတ်ခရီးသွားများထံမှ ထိုက်သင့်သည့် ဝင်ငွေများ ရရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရပြီး Zero Budget ဆိုသည်မှာ တင်စားပြောဆိုခြင်းသာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားစဉ် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက “Zero Budget ဆိုတဲ့စကားလုံးဟာ တင်စားပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ငွေတစ်ပြားတစ်ချပ်မှ လုံးဝမရရှိလို့ အကျိုးခံစားခွင့် မရှိဘူးလို့ ပြောတာမဟုတ်ဘဲ ရသင့်တာထက် လျော့နည်းရရှိ နေတယ်လို့ ယူဆပြီး လူတွေက တင်စားပြောဆိုကြရင်းနဲ့ ဒီစကား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူ့အတိုင်းနဲ့သူ ဝင်ငွေရရှိနေတာဖြစ်လို့ တရုတ်ပြည်က လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေထံက ထိုက်သင့်တဲ့ ဝင်ငွေတွေ ရရှိတယ်လို့ လုပ်ငန်းရှင်တွေထံက သိရှိရပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အနောက်နိုင်ငံသား ဧည့်သည်များသည် အကြောင်းကြောင်းကြောင့် ဝင်ရောက်မှု အနည်းငယ် ကျဆင်းသွားသည်ကို ပြန်လည်ကာမိစေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စီးပွားရေးထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ပံ့ပိုးရေးအတွက် ဦးတည်ပြီး အရှေ့မျှော်ဝါဒကို ကျင့်သုံးရန် ဆောင်ရွက်ခဲ့ရာတွင် အာရှမှ ခရီးသည်များစွာထွက်သော ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင်တို့အား ဗီဇာကင်းလွတ်ခွင့်နှင့် လူဦးရေ အလွန်များပြားသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ ယင်းသို့ ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးပြီးသည့်နောက် ယင်းနိုင်ငံအသီးသီးမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသား ခရီးသွား ရာခိုင်နှုန်း ၁၄၀ အထိ တိုးတက်လာသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များ၏ သုံးစွဲခဲ့သည့်ငွေ အားလုံးသည် နိုင်ငံအတွင်းမှာရှိသည့် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည့်လုပ်ငန်းကြီးများအပြင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များအထိ ပျံ့နှံ့စီးဝင်ရောက် သွားသော်လည်း လက်တွေ့ကောက်ယူနိုင်ရေး Zero Budget Tour မဖြစ်ရန် ကြိုတင်တားဆီးရေးအတွက် ဗီဇာစပေးသည့် အချိန်မှစပြီး ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားခရီးသွား ဧည့်သည်များ ခရီးသွားလာမှုနှင့် စပ်လျဉ်းပြီး ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်းတွင်ရှိသည့် လုပ်ငန်းများအား ထိခိုက်နစ်နာမှု မရှိစေရန်အတွက် ပညာရှင်များ၊ လုပ်ငန်းကျွမ်းကျင်သူများနှင့် တရုတ်ဈေးကွက်အား ဆောင်ရွက်နေသည့် ခရီးသွားကုမ္ပဏီများ တွေ့ဆုံဆွေးနွေးခြင်းများ Survey Team များ ဖွဲ့စည်းလေ့လာခြင်း အပါအဝင် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့သည်။   

Eleven Media Group

0 comments:

Post a Comment