Monday, July 1, 2019

ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေသော်လည်း သတင်းစာလွတ်လပ်ခွင့် လျော့ကျလာဟုဆို


မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းသည့် လမ်းကြောင်းပေါ်သွားနေသော်လည်း သတင်းစာ လွတ်လပ်ခွင့်မှာ နိမ့်ကျလာသည့်အခြေအနေတွင် ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကပြောဆိုလိုက်သည်။ 
“ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းမှုသွားနေတယ်လို့ ပြောနေရင်းတန်းလန်းနဲ့ သတင်းစာလွတ်လပ်ခွင့်က နိမ့်ကျလာတဲ့ အနေအထား ဖြစ်လာတယ်” ဟု ၎င်းက နိုင်ငံတကာ အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များအပေါ် ပြန်လည်သုံးသပ်၍ပြောသည်။ 
ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Wyndham ဟိုတယ်တွင် Mizzima Media Group နှင့် VOA တို့ပူးပေါင်းပြီး လက်ရှိကြုံတွေ့နေရသည့် သတင်းမီဒီယာ လောကအဖြစ်အပျက်များကို ဆွေးနွေးအဖြေရှာသည့် ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပက်သက်၍အစီရင်ခံစာထုတ်ပြန်ခဲ့သည့် “အသံ” အဖွဲ့၏ ထုတ်ပြန်ချက် တွင်လည်း ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံရသည့် အမှု ပေါင်း ၂၀၀ ကျော်အထိရှိနေသည်။ 
“ကမ္ဘာတစ်လွှားမှာ လွတ်လပ်ခွင့်တွေကို စိစစ်နေတဲ့အဖွဲ့ကြီးကနေပြီး ဒီနှစ်မှာထုတ်ပြန်ထားတာက ကမ္ဘာတစ်လွှားမှာ နိုင်ငံတကာမီဒီယာတွေရဲ့လွတ်လပ်ခွင့်အဆင့်အတန်းဟာ ကျဆင်းနေတယ်လို့ပြောတယ်။ အလားတူပဲ မြန်မာနိုင်ငံနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်း အမျိုးမျိုး သူတို့စိစစ်ပြီးတဲ့အခါကျတော့ မြန်မာ နိုင်ငံဟာ သတင်းလွတ်လပ်ခွင့်လုံးဝမရှိတဲ့နိုင်ငံလို့တော့မပြောဘူး။ ဒါပေမယ့် နည်းနည်း အကျဉ်းလွတ် လပ်ခွင့်ရှိတယ်ဆိုတော့။ ကျွန်တော်တို့အားလုံးမြင်ချင်တာက လွတ်လပ်တဲ့သတင်းမီဒီယာကိုပဲမြင်ချင်တယ်” ဟု VOA မှ ဦးသန်းလွင်ထွန်း ကပြောသည်။ 
ထို့အပြင် တရားစွဲဆိုခံရသည့် ပုဂ္ဂိုလ်ပေါင်း ၂၄၆ ဦးအထိရှိနေပြီး အစိုးရနှင့် အစိုးရ တာဝန်ရှိသူများမှ စွဲဆိုသည့်အမှု ၂၇ မှုအထိရှိနေသည်ဟုလည်း အသံအဖွဲ့ကထုတ်ပြန်ထားသည်။ 
“ အဲ့တော့ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့က လွတ်လပ်စွာပြောဆိုခွင့်လို့ ပြောရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ကို ထိန်းသိမ်းလာရတဲ့ ကိစ္စမျိုးဖြစ် လာရပါတယ်” ဟု ဦးအောင်သူငြိမ်းက သုံးသပ်သည်။အဆိုပါ ၂၇ မှုအထဲမှ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အဓိကအဟန့်အတားဖြစ်စေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရ သူများထဲမှ ၂၃ ဦးမှာ သတင်း နှင့် ဖြစ်ရပ်မှန်ရေးသားခြင်းကြောင့်ဟုလည်း အသံအဖွဲ့မှသိရသည်။ 
“ မီဒီယာကောင်စီမှာဖြေရှင်းရမှာ ဒါကတော့ မူပေါ့။ ဒါပေမယ့် မီဒီယာကောင်စီကိုကျော်ပြီးတော့ မီဒီယာ လောနဲ့မဆိုင်ဘဲနဲ့ တရားစွဲထားတာ တွေရှိတယ်။ အဲ့တာကျတော့ ကျွန်တော်တို့က မဖြစ်သင့်ဘူးပေါ့ဗျာ” ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြား ရေးကော်မတီမှ မုံရွာအောင်ရှင်က ပြောသည်။ 
ဥပဒေအရဖွဲ့စည်းထားသည့် မီဒီယာကောင်စီသို့တိုင်ကြားကာ ဖြေရှင်းအဆင်ပြေစေပါက ပိုမိုကောင်းမွန် သော်လည်း အစိုးရနှင့် တပ်မတော်အနေဖြင့် ခံနိုင်ရည်မရှိကြဘဲ အရပ်ဖက်ဥပဒေများဖြင့်သာစွပ်စွဲကြခြင်းဟု ၎င်းကဆက်လက်ဆိုသည်။ 
သတင်းရယူရေးသားခဲ့သည့် သတင်းသမားများအား မကျေနပ်ပါက ပုဒ်မအကြီးများတပ်ကာ ဖမ်းဆီးထောင်ချ မှုများကို ဖြေရှင်းပေးရန် မိမိတို့ မီဒီယာ ကောင်စီ (PC) တွင်တာဝန်ရှိသည်ဟု PC ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကလည်း ပြောဆိုထားသည်။ 
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဖြေရှင်းရန်ကြိုးပမ်းနေမှုများလည်းရှိသည်ဟု လည်းသိရသည်။ 
မြန်မာ့မီဒီယာလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေချိန် ဆွေးနွေးပွဲတွင် “မြန်မာ့သတင်းမီဒီယာ ဘယ်လောက်ထိ လွတ်လပ်နေပြီလဲ” ဆိုသည့်ခေါင်းစဉ်နှင့် “အမျိုးဘာသာ၊ သာသနာကြွေးကျော်မှု တွေကြားက သတင်းမီဒီယာ အကြောင်း” ဆိုသည့် ခေါင်းစဉ် (၂) ခုကို ဆွေးနွေးခဲ့ကြသည်။ 
“မြန်မာ့သတင်းမီဒီယာဘယ်လောက်ထိလွတ်လပ်နေပြီလဲ” ဆိုသည့်ခေါင်းစဉ်အောက်တွင် Myanmar Now မှ ကိုဆွေဝင်း၊ Internews က ဦးစိန်းဝင်း၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ ဒေါက်တာဇင်မာကျော်၊ KIC မှ နန်းဖော့ဂေ တို့ကဆွေးနွေးခဲ့ကြသည်။ 
ထို့အပြင် “အမျိုးဘာသာ၊ သာသနာကြွေးကျော်မှု တွေကြားက သတင်းမီဒီယာအကြောင်း”ခေါင်းစဉ်ကို မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဦးမြင့်ကျော်၊ Yangon Journalism School မှ ဒေါ်အေးမြကျော်၊ ဦးသီဟစော၊ ဒေါက်တာရန်မျိုးသိမ်း တို့ကဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 
ဓာတ်ပုံ - သက်ကို
Mizzima - News in Burmese


0 comments:

Post a Comment