ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ လူကုန်ကူးအဖွဲ့က ဂိုဒေါင်ပျက်ထဲ လာပြီး ပိတ်လှောင်ထားတဲ့ မြန်မာ ၂၀ ဦးကို သက်ဆိုင်ရာက ကယ်ထုတ်ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဆဒေါင်းမြို့နယ် ပါဒန်ဘေဆာအုပ်စုရှိ ဂိုဒေါင်ဟောင်းကြီး တလုံးထဲမှာ ကလေးငိုသံနဲ့ အကူအညီတောင်းသံတွေ ကြားရတယ်ဆိုပြီး ရွာသားတွေက အကြောင်းကြားလာတဲ့အတွက် ဆွန်ဖိထပ်မိခင်နဲ့ကလေးကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်း၊ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဝင်တွေဟာ အဆိုပါဂိုဒေါင်ဟောင်းဆီ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဂိုဒေါင်ဝင်းတံခါးမှာ သံကြိုးတွေနဲ့ ချည်ပြီး သော့ခတ်ထားတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းပြီး ဖောက်ဝင်ခဲ့ရတယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဆူချတ် ထီရ၀ပ်က သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ အထဲဝင်သွားတဲ့အခါ ပြတင်းပေါက်မရှိ၊ လျှပ်စစ်မီးမရှိတဲ့ အခန်းထဲ ပြွတ်သိပ်နေတဲ့ လူတခုကို တွေ့ရကြောင်း၊ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၅ ဦးပါဝင်ကာ အငယ်ဆုံးကလေးမှာ အသက် ၁ နှစ်နဲ့ ၃ လသာရှိသေးတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး မြန်မာနိုင်ငံကနေ လာတာဖြစ်ကြောင်း၊ မလေး ရှားနိုင်ငံကို ဆက်သွားဖို့အတွက် ပွဲစားက အဆိုပါဂိုဒေါင်ထဲ လာထားထားတာ ၅ ရက်ရှိပြီဖြစ်ပြီး စားစရာလည်းမရှိကြောင်း၊ ဆာလောင်တဲ့အခါ တံစက်မြိတ်ကကျလာတဲ့ မိုးရေကိုသာ ခံသောက်ရပြီး ကလေးတွေကတော့ သည်းမခံနိုင်တဲ့အတွက် အော်ဟစ်ငိုယိုနေကြတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က လူကုန်ကူးအဖွဲ့ကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လူ ကုန်ကူးခံရသူတွေ အထူးသဖြင့် ကလေးတွေကို မူရင်းနိုင်ငံပြန်မပို့ခင် ကောင်းစွာပြုစုစောင့်ရှောက်ဖို့ ဆွန်ဖိထပ်မိခင်နဲ့ကလေး ကယ်ဆယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ညွန်ကြားထားကြောင်း ရဲမှူးကြီးဆူချတ် ထီရ၀ပ်က ပြောသွားပါတယ်။
DVB
0 comments:
Post a Comment