Wednesday, August 28, 2019

ယခုလကုန်တွင် ရန်ကုန်၌ ထူးကဲဒီရေ မြင့်တက်မည်

Image may contain: sky and outdoor
ယခုလ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက် နေ့တို့တွင် ရန်ကုန်မြို့၌ ထူးကဲဒီရေ မြင့်တက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

"ကျွန်တော် သတင်းပေးတာပါ။ သြဂုတ် ၃၁ ရက်နေ့နဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဒီရေက အရင်ဒီရေထက် အမြင့်ဆုံးရောက်မယ်။ မတက်သဖူး ၇ မီတာအထိ တက်မယ်လို့ ခန့်မှန်ထားတော့ ကျွန်တော်တို့က ပြင်ရတော့မယ်။ မုန်တိုင်းမလာပါစေနဲ့ ၊မိုးမသဲပါစေနဲ့ပေါ့ အပေါ်ရေ စီးတာနဲ့ အောက်ရေတောင့်တာနဲ့ ရေကြီးတတ်တယ်။ ကျွန်တော်တို့ဒါကို ပြင်ဆင်နေပါတယ်"ဟု ၎င်းကပြောသည်။
ယခုလကုန်ပိုင်းတွင် ထူးကဲဒီရေ အမြင့်ဆုံးထိ မြင့်တက်နိုင်သည့်အခြေနေရှိပြီး ၇ မီတာဝန်းကျင် ပေ၂၂ ပေကျော်ထိ မြင့်တက်နိုင်သည့်အတွက် ဒီရေကြောင့် ရေကြီးရေလျှံမှုများ မဖြစ်အောင် စီမံဆောင်ရွက်နေသည် ဟုဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ရေကြီးရေလျှံမှုများ အချိန်ကြာမြင့်စွာ မဖြစ်စေရန်အတွက် အဓိကရေထွက်ပေါက် ၂၇ ခုကို ရေဝင်ရေထွက် ကောင်းမွန်အောင်နှင့် ရေထိန်းတံတားများ ပြန်လည်ပြုပြင်ခြင်းတို့ကို JICA အကူအညီဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ လေထုမငြိမ်မသက် ဖြစ်နေပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေအစပ်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း ကုန်းတွင်းမုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေ မှ ၁၁ ပေခန့် အထိ ရှိနိုင်ကြောင်း သိရသည်။
မိုးရွာသွန်းမှု ခန့်မှန်းချက်များ အနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့တွင် နေရာကွက်ကျား ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ ၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား၊ ကျန်ဒေသများတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment