Monday, August 26, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးမရောင်ရာဆီလူးနေပါက တရားခံရှာပွဲနှင့် တူနေမည်ဟု ရခိုင်အမတ်သတိပေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ မရောင်ရာဆီလူးနေပါက  တရားခံရှာတဲ့ ပွဲနဲ့သာ တူနေမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြားလိုက်ပါတယ်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်းအပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတာမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်က အခုလို ပြောတာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သွားမယ့်လမ်းတူနေကြတာကြောင့် ခွဲရေး၊ တွဲရေး အငြင်းပွား အချိန်ဖြုန်းမနေကြဘဲ  ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ 
ဒါအပြင် ၄၅ ဦး ကော်မတီက အစီရင်ခံထားတဲ့ အကြံပြုချက် ၃၇၆၅ ချက်လုံးကိုလည်း ဥပဒေမူကြမ်းအဖြစ် တင်သွင်းမယ်ဆိုရင်လည်း မဖြစ်နိုင်ဘဲ တူညီတဲ့အချက်တွေကို ပြန်လည် ညှိနှိုင်းပေါင်းစပ်မယ်ဆိုရင်တော့ တဝက်မက လျော့နည်းသွားနိုင်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အလွန်အရေးကြီးတဲ့အချိန်ကာလကို ရောက်နေပါပြီ။ ဖွဲ့စည်းပုံ မပြင် ဆင်နိုင်သရွှေ့၊ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်လာသရွှေ့ ရယ်မောသံတွေအစား ငိုညည်းသံတွေကိုပဲ ကြားနေရပါလိမ့်မယ်၊ လယ်သင်းနံ့တွေအစား သွေးညှီနံ့တွေပဲ ရှူရှိုက်နေရပါလိမ့်မယ်။ တို့တာဝန်အရေးသုံးပါးဆိုတာ သေနတ်တဒိုင်း ဒိုင်းဖောက်ပြီး သတိပေးနေရတဲ့ ဝါဒဖြန့် စာသားတွေပဲဖြစ်နေပါလိမ့်မယ်။ မိမိတို့ရဲ့ပြောဆိုချက် အနိုင်ရဖို့အတွက် အသံ ကျယ်ကျယ်နဲ့ငြင်းခုန်နေကြဖို့မဟုတ်ဘဲ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အကျိုးအတွက် အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးကြဖို့ လိုပါတယ်။”
ဒေါက်တာမောင်သင်းနဲ့ ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဒီဥပဒေကြမ်းကိုလည်း ၄၅ ဦးကော်မတီမှာ တပေါင်းတည်းဆောင်ရွက်ဖို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အစီရင်ခံထားတာဖြစ်ပါတယ်။
ဒီကနေ့ဆွေးနွေးကြတာမှာလည်း တပ်မတော်ကိုယ်စားလှယ်တွေအပါအဝင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေက ဒီလို ၄၅ ဦး ကော်မတီမှာ တပေါင်းတည်း ဆောင်ရွက်ရမယ်ဆိုတာကို လက်မခံဘဲ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment