Thursday, August 29, 2019

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေ(၂)ခု၊ ငွေ(၁)ခုရရှိထား

Image may contain: 13 people, people smiling

ထိုင်းနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခုရရှိထားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဦးရဲအောင် ပြောသည်။

ပြိုင်ပွဲကို သြဂုတ်လ (၁၈)ရက်မှစတင်ကျင်းပနေခြင်းဖြစ်ပြီး သြဂုတ်လ (၂၉)ရက်အထိဆုတံဆိပ် (၃)ခု ရရှိထားခြင်း ဖြစ်သည်။
“ပြိုင်ပွဲအမျိုးအစားတွေကတော့ ကမ္ဘာ့အဆင့်ရှိတဲ့အမျိုးအစားတွေပါပဲ။ ဥရောပနိုင်ငံတွေကလည်း လာပြီးပြိုင်ကြတယ်။ ကျွန်တော်တို့မြန်မာအသင်းကရွှေ(၂)ခု၊ ငွေ(၁)ရရှိထားပါတယ်။ ကစားသမားတွေကိုလည်း အားရပါတယ်။ အခုလိုနိုင်ငံတွေအများကြီးလာပြိုင်တဲ့ပြိုင်ပွဲမှာ အခုလိုဆုတံဆိပ်တွေရယူထားနိုင်တာကိုး။ လာမယ့်ပြိုင်ပွဲတွေအတွက်လည်းအားတက်စရာပေါ့ဗျာ။ သူတို့တွေလည်းအခုပြိုင်ပွဲမှာအကောင်းဆုံးယှဉ်ပြိုင်နေပါတယ်။”ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။

မြန်မာအသင်းမှ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီအသင်းလိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုတို့ရရှိထားကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာပိုက်ကျော်ခြင်းအဖွဲ့မှ အမျိုးသား၊ အမျိုးသမီးကစားသမား (၁၈)ဦးသွားရောက်ကာ ပြိုင်ပွဲအမျိုးအစား (၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ပြိုင်ပွဲကိုစက်တင်ဘာလ(၁)ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်ထိုင်းအသင်းအပါအ၀င်၊ အာဆီယံဒေသတွင်းမှ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်နေကြောင်းသိရသည်။
ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ၁၉၈၅ ခုနှစ်မှစတင်ကာကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပေ။

0 comments:

Post a Comment