Thursday, August 29, 2019

ဥရောပသွားမည့် ရွှေ့ပြောင်းလှေ လစ်ဗျားကမ်းလွန်တွင် နစ်မြုပ်၊ လူ ၄၀ သေပျောက်

ဥရောပကို သွားမယ့် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး လစ်ဗျားနိုင်ငံ ကမ်းလွန်မှာ နစ်မြုပ်ပျက်စီးပြီး လူအယောက် ၄၀ လောက် သေဆုံး ပျောက်ဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ပြောပါတယ်။

စက်လှေပေါ်ပါလာသူတွေထဲက ၆၅ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၅ ဦးရဲ့ အလောင်းတွေကိုတွေ့ရတယ်လို့ လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်၊
သေဆုံးသူတွေထဲမှာ မော်ရိုကိုက ၃ ဦး၊ ဆူဒန်က ၁ ဦးနဲ့ ဆိုမလာလီယာက ၁ဦးပါဝင်ပြီး ရှင်သန်ကျန်ရစ်သူ အများစုက ဆူဒန်၊ အီဂျစ်၊ မော်ရိုကိုနဲ့ တူနီးရှားနိုင်ငံတွေက ဖြစ်တယ်လို့ UNHCR က ပြောပါတယ်။
လတ်တလော နှစ်တွေအတွင်း ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြောက်အာဖရိကနေ ဥရောပကို လာဖို့ ကြိုးစားခဲ့တာပါ။ ကျန်ခဲ့တဲ့ ငါးနှစ်အတွင်း ပင်လယ်ပြင်မှာ သေဆုံးသူ အယောက် ၁၀၀၀ ကျော်တယ်လို့ UNHCR က ပြောပါတယ်။
အရင်အပတ်ကလည်း လူအယောက် ၁၀၀ ကျော်သေဆုံးပြီး အရင်လကတော့ လူအယောက် ၂၅၀ ကို တင်လာတဲ့ လှေတစီး ပင်လယ်ထဲ နစ်ခဲ့ပါတယ်။
ဒီနှစ်မှာ လစ်ဗျား ကမ်းရိုးတန်းစောင့်တပ်က ကယ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၅၄၀၀ နီးပါးရှိပြီး အယောက် ၉၀၀ ကျော် သေဆုံးတယ်လို့ UNHCRက ပြောပါတယ်။
DVB

0 comments:

Post a Comment