Thursday, August 29, 2019

ရန်ကုန်တိုင်းရှိ MSME လုပ်ငန်း ၁၀၀ ကို ချေးငွေ ထပ်မံ ထုတ်ပေးမည်

Image may contain: 1 person, sitting
ရန်ကုန်တိုင်းအတွင်းရှိ အလားအလာရှိသော အသေးစား၊ အလတ်စားနှင့်အငယ်စားလုပ်ငန်း (MSME)လုပ်ငန်းရှင် ၁၀၀ ကို ချေးငွေများ ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် ၁၀၀ ကို ရွေးထုတ်၍ ချေးငွေများ ထုတ်ချေးရာတွင် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေး လုပ်ငန်းနှင့် အိမ်တွင်းလက်မှု လုပ်ငန်းများကို ဦးစားပေး ထုတ်ချေးရန် စီစဉ်နေသည်ဟုဆိုသည်။
"ဦးစားပေးလုပ်ငန်းကတော့ ချက်ချင်းကိုပဲ အသေးစားကနေပြီးတော့ မြန်မြန်ချမ်းသာစေချင်တဲ့ လုပ်ငန်းတွေကို ရွေးလိုက်ပါဆိုပြီး ဝန်ကြီးချုပ်ကြီးက လမ်းညွှန်ပါတယ်။ တစ်ချို့လုပ်ငန်းတွေကလည်း တကယ့် အသေးစားအလတ်စား စက်မှု လက်မှု လုပ်ငန်းတွေ ရှိတယ်။ လက်မှုလုပ်ငန်း၊ ပန်းပု၊ ယွန်းထည်လုပ်ငန်း၊ အထူးသဖြင့်တော့ ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေး လုပ်ငန်းတွေ ပါပါတယ်။ အိမ်တွင်းလက်မှု လုပ်ငန်းတွေပါတယ်"ဟု၎င်းကပြောသည်။
MSME လုပ်ငန်းများ ချေးငွေရရှိရန် တိုင်းအစိုးရမှ ထောက်ခံပေးမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များက ထုတ်ချေးပေးမည်ဟုဆိုသည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ပေါင်နှံပစ္စည်း မပေးနိုင်ပါက အနည်းဆုံး ကျပ်သိန်း ၂၀ဝ မှ အများဆုံး သိန်း ၅၀ဝ အထိသာရရှိနိုင်မည်ဖြစ်ပြီး ပေါင်နှံပစ္စည်းပေး နိုင်ပါက အပေါင်ပစ္စည်းပေါ်မူတည်၍ အနည်းဆုံး သိန်း ၂၀ဝ၀ မှ အများဆုံး သိန်း ၃၀ဝ၀ အထိ ချေးငွေ ရရှိနိုင်မည်ဟုဆိုသည်။
"အာမခံ မရှိရင် ရတဲ့ငွေက နည်းပါတယ်။ SME က လုပ်ငန်းကြီးကြီးကို မျှော်လင့်ထားမယ်ဆိုရင်တော့ သူ့ရဲ့ပေါင်နှံပစ္စည်းပေး နိုင်ရင်တော့ သူ့ရဲ့ပေါင်နှံပစ္စည်းပေါ် မူတည်ပြီးတော့မှ သိန်း ၂ဝဝဝ သော်လည်းကောင်း၊ သိန်း ၃ဝဝဝ သော်လည်း ကောင်း ရနိုင်ပါတယ်။ ဒါကလည်း ဘဏ်ပေါ်မှာ မူတည်ပါတယ်။ သူ့ရဲ့ဝင်ငွေစီးဆင်းမှုအပေါ်မူတည်ပြီးတော့ ဘဏ်ကချေးတာဖြစ်တယ်။ ဘဏ်ရဲ့မူဝါဒအရ ချေးငွေအပေါ် ပြန်ဆပ်နိုင်တဲ့အင်အား၊ လုပ်ငန်းအောင်မြင်မှု အခြေအနေပေါ် မူတည်ပြီးတော့မှ ဘဏ်ဆိုတာချေးပါတယ်။ "ဟု ဝန်ကြီးကပြောသည်။
ပြည်တွင်းဘဏ်များ၏ မူဝါဒအရ ချေးငွေများ ထုတ်ချေးရာတွင် ငွေချေးသူ၏ ပြန်ဆပ်နိုင်မည့် အင်အားပြသော စာရင်းဇယားများ၊ အထောက် အထားများ၊ ၎င်းလုပ်ငန်း၏ အောင်မြင်နိုင်မှု အခြေနေပေါ် မူတည်၍သာ ထုတ်ချေးပေးခြင်း ဖြစ်သည်။
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများကို ငွေစာရင်းသုံးစွဲမှုများ ၊စာရင်းဇယားများနှင့် ပတ်သက်၍ စနစ်တကျ ဖြစ်စေရန်အတွက် အသိပညာပေးမှုများကိုလည်း များစွာ ဆောင်ရွက်ချက်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
"ဘာကြောင့်လဲဆို မိသားစုစီးပွားရေးလိုမျိုး လုပ်တာဖြစ်တဲ့အတွက် စာရင်းအင်းတွေကို ပြုစုဆောင်ရွက်တဲ့နေရာမှာ ချေးငွေတောင်းခံဖို့ ဆောင်ရွက်တဲ့ စာရင်းအင်းမျိုးအထိ မဖြစ်လာဖို့ ရှိပါတယ်။ ဒါမျိုးတွေကို စနစ်တကျ ဖြစ်လာဖို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။
ပထမအဆင့်အနေဖြင့် အလား အလာရှိသော အသေးစားအလတ်စားလုပ်ငန်း ၁၀၀ကို ရွေးချယ်၍ ချေးငွေရရှိရေး ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် လုပ်ငန်း ၄၀ ကျော်မှာ ချေးငွေရရှိပြီးဖြစ်ပြီး ကျန် ၆၀ ခန့်မှာလည်း ချေးငွေ စိစစ်ရေးကော်မတီက အတည်ပြုထားပြီ ဖြစ်သဖြင့် သက်ဆိုင်ရာဘဏ်များနှင့် ချေးငွေရရှိရေးကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဒုတိယအဆင့်အနေဖြင့် အသေးစား အလတ်စားလုပ်ငန်း ၁၀ဝ ကို ထပ်မံ ချေးပေးရန် လုပ်ဆောင်နေပြီး ယင်းတို့ကို အမြန်ဆုံး ထုတ်ချေးနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
"SME တွေဖွံ့ဖြိုးတိုးတက်အောင် တိုင်းအတွင်းမှာ အဓိက ဦးစားပေး ကြိုးစားပါတယ် ။သူတို့ကို ချေးငွေရရှိရေးအတွက် လုပ်ပေးချင်တာကြောင့် စာရင်းတွေ ကောက်ခံတယ်။ သူတို့ဖွံ့ဖြိးတိုးတက် ရေးအတွက် အထောက်အကူပြုဖို့ အကြံပေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ကူညီပေးခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် SME ကဏ္ဍ နယ်ပယ်အတွင်းမှာ များပြားလှတဲ့ နေရာကနေ ၁၀၀ လောက် စုပြီးတော့ ပထမအဆင့် လုပ်ပါတယ်။ ဒီထဲမှာ ချေးငွေရထားပြီးသား လူတွေက မပါတော့တာ ဖြစ်တဲ့အတွက် ချေးငွေမရသေးတဲ့ သူတွေကို ဝန်ကြီးကနေ ထောက်ခံပြီးတော့ ရအောင် ကြိုးစားပေးတယ် ။နောက်ထပ် ၁၀၀ လောက်ကိုလဲ စိစစ်ပြီး ထပ်ပေးဖို့ ပြင်ဆင်ပါမယ်"ဟု ဝန်ကြီးချုပ်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Two Step Lone ဖြင့် နိုင်ငံတကာချေးငွေများရယူကာ တဆင့်ပြန်လည်ထုတ်ချေးခြင်းတို့်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment