Thursday, August 29, 2019

အမေရိကန်ရေတပ် ဖျက်သင်္ဘောတစီး အငြင်းပွား တောင်တရုတ်ပင်လယ်ထဲ ဖြတ်မောင်း

အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစီးဟာ သြဂုတ် ၂၈ ရက်နေ့မှာ အငြင်းပွား တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတွေအနား ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

တရုတ်နိုင်ငံက အဲဒီကျွန်းစုကို သူပိုင်တယ်လို့ အခိုင်အမာပြောထားတာကြောင့် အမေရိကန်ရဲ့လုပ်ရပ်က တရုတ်အစိုးရကို ဒေါသထွက်စေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အမေရိကန်အကြားမှာ ကုန်သွယ်ရေးစစ်ပွဲပြဿနာ၊ တရုတ်စစ်တပ်ကို အမေရိကန်က အရေးယူပိတ်ဆို့တဲ့ ပြဿနာနဲ့ အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးပြဿနာအပြင် တောင်-တရုတ် ပင်လယ်ပြင်အရေးဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေတဲ့ အဓိက ဖြစ်ရပ်တွေပါ။
အမေရိကန်ရေတပ်စစ်သင်္ဘောတစီးက တရုတ်ဆိပ်ကမ်းမြို့ ချင်းဒေါင်ကို ဆိုက်ကပ်ခွင့်ပေးဖို့ သြဂုတ် ၂၇ ရက်နေ့မှာ တောင်းဆိုခဲ့ပေမယ့် တရုတ်အစိုးရက ငြင်းပယ်ခဲ့တယ်လို့ ရိုက်တာသတင်း ဌာနက ဖော်ပြပါတယ်။
အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ Wayne E. Meyer ဖျက်သင်္ဘောဟာ တောင်တရုတ် ပင်လယ်ပြင်ထဲက ဖိုင်ယီခရော့စ်နဲ့ မစ်စ်ရှစ် သန္တာကျောက်တန်းရဲ့ ရေမိုင် ၁၂ မိုင်အတွင်း ဖြတ်သန်းခဲ့တယ်လို့ ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန်ရေတပ်ရဲ့ ပြောခွင့်ရ အမျိုးသမီး ဒုဗိုလ်မှူးကြီး ရီယန် မားဆန်က ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ရေပိုင်အနက် အငြင်းပွားမှုကို စိန်ခေါ်ဖို့နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ နိုင်ငံတကာ ဥပ‌ဒေသက်ရောက်ရေး ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းအတုတွေဆောက်ပြီး အဲဒီကျွန်းတွေပေါ်မှာ စစ်ဘက်အဆောက်အအုံတွေ ဆောက်လုပ်တာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက အရင်ကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
တနှစ်ကို ရေကြောင်း ကုန်သွယ်ရေးစီးဆင်းမှု အမေရိကန်ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးရှိတဲ့ တောင်တရုတ်ပင်လယ်ပြင်ရဲ့ ဧရိယာ တော်တော်များများကို တရုတ်က သူပိုင်တယ်လို့ အခိုင်အမာပြောထားပါတယ်။
နယ်နိမိတ်ထိစပ်နေတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ် တစိတ်တပိုင်းကို သူတို့ပိုင်တယ်လို့ အငြင်းပွားနေကြပါတယ်။

DVB

0 comments:

Post a Comment