Thursday, August 29, 2019

ဘင်္ဂလားဒေ့ရှ် တရားရုံးက လက်ထပ်စာချုပ်ပုံစံတွင် “အပျိုစင်” စကားလုံးကို ဖယ်ရှား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးများသည် လက်ထပ်စာချုပ်ပုံစံတွင် ၎င်းတို့ အပျိုစင်ဖြစ်ကြောင်း ကြေညာရန် မလိုအပ်တော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လက်ထပ်စာချုပ် မှတ်ပုံတင်ပုံစံတွင် ပါဝင်သော “အပျိုစင်” စကားလုံးနေရာကို လက်မထပ်ရသေးသော စကားလုံးဖြင့် အစားထိုးရန် အထက်ခုံရုံးက အမိန့်ထုတ် ပြန်လိုက်သည်။ 

ပုံစံတွင် ပါဝင်သော မုဆိုးမနှင့် တစ်ခုလပ် စကားလုံးနှစ်မျိုးကိုမူ ပြင်ဆင်ခြင်း မပြုပေ။

အပျိုစင်စကားလုံးသည် လူ့ဂုဏ်သိက္ခာကို ထိပါးခြင်းဖြစ်သည်ဟု စောဒက တက်ခဲ့ကြသောအမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက တရားရုံးအမိန့်ကို ထောက်ခံကြိုဆိုလိုက်ကြသည်။

ထို့ပြင် သတို့သားလောင်းများသည်လည်း ၎င်းတို့၏ အိမ်ထောင်ပြုမှုမှတ်တမ်းကို ကြေညာရမည်ဖြစ်သည်။

မွတ်စလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများသည် တင်းကျပ်လွန်းပြီး ခွဲခြားဆက်ဆံသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ဝေဖန်ကြသည်။

မိန်းကလေးအများစုသည် ငယ်ရွယ်လွန်းသည့် အသက်အရွယ်မှာပင် အတင်းအကျပ် ထိမ်းမြားပေးခြင်းကို ခံကြရသည်။

တရားရုံးက အမိန့်ထုတ်ပြန် ဖယ်ရှားလိုက်သော ဘင်္ဂါလီစကားလုံးဖြစ်သည့် ကုမာရီသည် အပျိုစင်ဟုအဓိပ္ပာယ်ရသည်။ အဆိုပါစကားလုံး ဖယ်ရှားရေးအတွက် ၂၀၁၄ တွင် တရားရုံး၌ လျှောက်ထားခဲ့သည့် ရှေ့နေအုပ်စုကထိုစကားလုံးသည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တင်ပြခဲ့သည်။့

ငါးနှစ်ကြာမြင့်ခဲ့ပြီးနောက် တနင်္ဂနွေနေ့က အမိန့်ချမှတ်ရာတွင် တရားရုံးက ကုမာရီနေရာတွင် အိုဘီဘာဟီတာ (လက်မထပ်ရသေး) ဖြင့် အစားထိုးရန် ဆုံးဖြတ်ပေးလိုက်သည်။

အဆိုပါ ပြင်ဆင်ချက်သည် တရားရုံးအမိန့်ဒီကရီကို တရားဝင်ကြေညာပြီးနောက် လအနည်းငယ်အတွင်း အကျုံးဝင်သက် ရောက်မည်ဖြစ်သည်။

“ခုံရုံးဆုံးဖြတ်ချက်က သမိုင်းမှတ်တမ်းဝင်မယ့် ဆုံးဖြတ်ချက်ပါ”ဟု အမှုတွင် ပါဝင်ခဲ့သူ အမျိုးသမီးရှေ့နေ အာနန်းနာဟာ ဆစ်ဒီကာက ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးအခွင့်အရေးတိုးတက် ရရှိရေးကိစ္စတွင် အထောက်အကူပြုနိုင်လိမ့်မည်ဟု သူမက မျှော်လင့်နေသည်။

ဒက္ကားမှလက်ထပ်မှတ်ပုံတင် အကျိုး ဆောင် အလီအက္ကဘာဆာကားက “ထိမ်း မြားမှုမှတ်ပုံတင်ခြင်းကိစ္စတွေကို ကျွန်တော် အများကြီး လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုမှု မှတ်တမ်းကို ဘာကြောင့် ယောကျာ်းလေးတွေက မဖော်ပြရဘဲ မိန်း ကလေးတွေက ဖော်ပြရသလဲလို့ မကြာခဏ အမေးခံရတယ်။ အခုတော့ ဒီမေးခွန်းကို နောက်ထပ် အမေးမခံရတော့ဘူးလို့ ထင်ပါတယ်”ဟု ပြောကြားသည်။ 
The Voice

0 comments:

Post a Comment