Thursday, August 29, 2019

ရန်ကုန်မှစစ်တွေသို့ ပို့ဆောင်မည့် ကျပ်သိန်းပေါင်း ၂၂,၀၀၀ ကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၇ ရက် ညက ရန်ကုန်မှ စစ်တွေသို့ထွက်ခွာလာတဲ့ မင်းထက်သာခရီးသည်တင်ယာဉ်ပေါ်ကနေ စစ်တွေကိုပို့ဆောင်မယ့် ကျပ်သိန်း ၂၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ ကျောက်ဖြူရဲစခန်းက သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံဖြစ်သူ မခိုင်ခိုင်(ခ)မစန်းချေ(ခ)မခိုင်ခိုင်စံရဲ့ ဖော်ထုတ်ချက်အရ ဖမ်းမိတာလို့ဆိုပါတယ်။ 
 သြဂုတ် ၂၇ ရက် ညက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာသွားတဲ့ မင်းထက်သာ ခရီးသည်တင်ယာဉ်ပေါ်မှာ ပီနန်အိတ် ဘေထုပ်အဝတ်အထည်တွေနဲ့ ရောနှောထည့်ထားတဲ့ မညိုအေးအမည်ပါ ဖုန်းနံပါတ်နဲ့တကွ စစ်တွေလို့ ရေသားထားတဲ့ ဘေထုပ်အိတ် ၅ အိတ်ပါသွားကြောင်း ရန်ကုန်မြို့ မူးယစ်တပ်ဖွဲ့မှ သတင်းအရ အမှတ်(၄၇) မူးယစ်တပ်ဖွဲ့က ယာဉ်ကို စစ်ဆေးရှာဖွေရာ မူးယစ်ဆေးတွေ တွေ့ရှိခဲ့တာပါ။
အဆိုပါဘေထုပ်အိတ်တွေကို ဖွင့်ဖောက်စစ်ဆေးရာမှာ ဘေထုပ်အိတ်တအိတ်ကို အဝတ်တွေနဲ့ ရောနှောထုတ်ထားတဲ့ အထုပ် ၁၅ ထုပ်စီပါတဲ့ စုစုပေါင်းအထုပ် ၇၅ ထုပ်ကို တွေ့ရှိရပြီး   စုစုပေါင်း ၇၅၀,၀၀၀ ပြား ဆေးပြားတပြားကို ကာလတန်ဖိုး ၃၀၀၀ ကျပ် စုစုပေါင်း ၂၂၅၀,၀၀၀,၀၀၀ ကျပ် (သိန်းနှစ်သောင်းနှစ်ထောင်ငါးရာ) တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး အမှတ်(၄၇) မူးယစ်တပ်စုမှ ရဲအုပ်ထွန်းသောင်းကို ဆက်သွယ်မေးမြန်းရာ “ဖြစ်စဉ်က နောက်ဆက်တွဲတွေရှိ နေသေးတာကြောင့် ပြောဆိုလို့မရဘူး”လို့ ပြောပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး ပို့ဆောင်သူ မခိုင်ခိုင်(ခ) မစန်းချေ (ခ) မခိုင်ခိုင်စံ နဲ့ လက်ခံယူမယ့် မညိုအေး(စိစစ်ဆေး)ဆိုသူတို့ကို အမ်းမြို့မရဲစခန်းမှာ မယ(ပ) ၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၁ အရအမှုဖွင့်လှစ်ထားပါတယ်။
သတင်း- နောင်နောင် 
DVB

0 comments:

Post a Comment