Wednesday, August 28, 2019

ပြည်ထောင်စုဝန်ကြီးဌာနများ အကောင်းကြိုက်ခြင်းလျှော့ချရန် မေတ္တာရပ်ခံ

Image may contain: 2 people, people sitting, people standing and indoor
ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများအနေဖြင့် ICT ပစ္စည်းများနှင့်ပတ်သက်၍ အကောင်း ကြိုက်ခြင်း လျှော့ချရန် အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာလှမိုးက မေတ္တာရပ်ခံ ပြောကြားလိုက်သည်။

သြဂုတ် ၂၈ ရက် နံနက် ၁၀ နာရီ ကပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည် ထောင်စု လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက် နေ့ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုး သားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည် ထောင်စု ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘော များနှင့်စပ်လျဉ်း၍ ဆွေးနွေးရာယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်း လိုအပ်ချက်အရသော်လည်း ကောင်း၊ E Government အကြောင်း ပြုပြီးသော်လည်းကောင်း အိုင်စီတီ ၀ယ် ယူခြင်း ခေါင်းစဉ်အောက်တွင် ကွန်ပျူတာအလုံးပေါင်း ၂၆၇၈၉ လုံး၊ လက်ပ်တော့ပေါင်း ၂၃၉၄ လုံး ၊ မိတ္တူကူးစက်ပေါင်း ၂၁၈၉ လုံး တောင်းခံထား ခြင်းဖြစ်ပြီး အကောင်းဆုံး Brandedပစ္စည်းများသာ တောင်းထားသောကြောင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၄၁ ဒသမ ၁ ဘီလီယံ ဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောဆိုသည်။
"ဒီလုပ်ငန်း သုံးစွဲမယ့်ဟာတွေ စိစစ်တဲ့ အခါမှာကျတော့ စာစီစာရိုက်လုပ်ငန်း Word, Excel, Power point, Photoshop လောက်သာသုံးမှာ ဖြစ်ပါတယ်။ စာစီစာရိုက်လုပ်မှာ လောက်ဆိုရင် လေးသိန်း၊ လေးသိန်းခွဲ၊ ငါးသိန်းတန်လောက်ဆိုရင် တော်တော်ကိုကောင်းတာပါ။ ပြင်ပမှာ လုပ်စားနေတဲ့သူလည်း ဒီလောက်နဲ့ ကောင်းကောင်းလုပ်စားနေတာပါ။ ဒါပေမဲ့ တောင်းတဲ့ ဟာက နောက်ဆုံးပေါ် 8 Generation 9 Generation ၁၃ သိန်းခွဲတန်တွေချည်းပဲ။ တန်းစီပြီး တောင်းထားတာပါ။ ဒါကို ခေါက်ချိုးလျှော့ချနိုင်လို့ရှိရင် ဘီလီယံ ၂၀ လောက် ကျွန်တော်တို့ နိုင်ငံတော် သက်သာသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် မိတ္တူကူးစက်များတွင် လည်း ၁၃ သိန်းနှင့် ၁၉ သိန်း အတွင်းဆိုလျှင်ပင် ကောင်းကောင်းရနိုင်သော်လည်း ၃၃ သိန်းနှင့်အထက်သာ တောင်းထားခြင်းဖြစ်ကြောင်း ဒေါက်တာလှမိုးကပြောဆိုသည်။
"ဒါတွေကိုအကောင်းကြိုက်တာလျှော့ချဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။ ထို့ကြောင့် နယ်ပယ်ပေါင်းစုံလိုအပ်ချက်များပြားပြီး ဘဏ္ဍာငွေ စိစစ် သုံးစွဲရမည့် ကာလတွင် အိုင်တီပစ္စည်းများကို တင်ပြတောင်းခံရာတွင် ဌာနရှိစာရင်းနှင့် လိုအပ်ချက်စိစစ်ပြီး အမှန်တကယ်လိုအပ်သည်ကိုသာ တင်ပြတောင်းခံရန်၊ အကောင်းဆုံး အဆင့်မြင့်ဆုံးများကိုသာတင်ပြတောင်းခံခြင်းမပြုဘဲ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမည့်ပစ္စည်းများကိုသာ တင်ပြတောင်းခံရန်နှင့် အရည်အသွေးတူ၊ လုပ်ဆောင်ချက်တူပါက ဈေးနှုန်းသက်သာ၊ အပိုပစ္စည်းဈေးပေါသောပစ္စည်းများကိုသာ တင်ပြတောင်းခံရန် အကြံပြုတင်ပြခဲ့သည်။
သတင်း - မင်းမင်းထွန်း

0 comments:

Post a Comment