Monday, August 26, 2019

အာဏာ၊ ငွေကြေးနောက်ကိုသာ လိုက်နေသရွေ့ လှပသောနိုင်ငံတော် တည်ဆောက်နိုင်မည်မဟုတ်

Image may contain: one or more people, people on stage and text

အာဏာ၊ ငွေကြေးနှင့် လက်နက်နောက်ကို သာ လိုက်နေသရွေ့ လှပသော နိုင်ငံတော်တည် ဆောက်နိုင်မည် မဟုတ်ဘဲ ဉာဏ်ပညာနှင့် အမြော် အမြင်ကသာလျှင် လှပသော နိုင်ငံတော်အဖြစ် လုပ် ပေးနိုင်လိမ့်မည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ် (၉၉)နှစ်မြောက် ရာပြည့် အကြို အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန သင်တန်းသားများ ဦးစီးကျင်းပ သည့် အသုံးချဒဿန အမြင်ပြပွဲနှင့် ပညာရှင်များ၏ ဒဿနစကားဝိုင်းကိုဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ရှိ Recreation
Centre တွင် ကျင်းပခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

'တိုင်းပြည်တစ်ပြည် နိုင်ငံလှတယ်၊ မလှဘူးဆိုတာကို သူ့ရဲ့ မွေးရာပါ ပုံပန်းသဏ္ဌာန်က တစ်ရာခိုင်နှုန်းပဲပါတယ်။ ကျန်တာကို သူ့ကို ပုံဖော်တဲ့သူတွေက ၉၉ ရာခိုင်နှုန်းပါတယ်။ လူအများစု
စိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ။ လူတွေက အာဏာရယ်၊ ငွေကြေးရယ်၊ လက်နက်ရယ် နောက်ကိုပဲလိုက်နေတယ်။ အဲဒါ သုံးမျိုး ရယူတဲ့နည်းက ဘယ်နည်းနဲ့ဖြစ်ဖြစ် ယူမယ်ဆိုရင် ဘယ်လို ဖြစ်လဲဆိုတော့ ငြိမ်းချမ်းရေးထက် လက်နက်ကိုင်ထားတဲ့ သူက တစ်ပန်းသာနေသလိုမျိုးဖြစ်တယ်။ တက္ကသိုလ်နယ်မြေရောက်တဲ့ အခါ ကိုယ့်ကိုယ်ကိုယ် လုံခြုံသလို ခံစားရတယ်။ ဒီနေရာမှာ အင်အားကြီးတဲ့သူက အနိုင်ကျင့်လို့မရဘူးဆိုတာယုံကြည်တယ်။ ဒီနေရာက ဉာဏ်ပညာနဲ့ အမြော်အမြင်ကြီးသူတွေသာ ဦးဆောင် နိုင်တဲ့နေရာဖြစ်ပါတယ်။ မှောင်နေတဲ့နေရာကို မီးထွန်းပေးနိုင် မယ်လို့ ယုံကြည်တယ်။ နိုင်ငံတော် တည်ဆောက်မယ်ဆိုရင် ဉာဏ် ပညာက အဓိကလို့ ပြောရမှာဖြစ်တယ်။ အာဏာရယ်၊ ငွေကြေး ရယ်၊ လက်နက်ရယ်ကို တွဲကိုင်နေရင် လိုရင်းတော့ ရောက်မယ် မဟုတ်ဘူး။ ဉာဏ်ပညာနဲ့ အမြော်အမြင်ကသာလျှင် လောကကြီး ကို လှပအောင်၊ အကျည်းတန်မှုကို အဆုံးသတ်ပေးနိုင်အောင် လုပ်ပေးနိုင်မယ်လို့ ခံစားရတယ်'ဟု ၎င်းက ပြောဆိုသည်။

လှပသော နိုင်ငံတော်ဖြစ်ရန်အတွက် ကြွေးမြီကင်းရမည်၊ အမုန်းတရားလည်း ကင်းရမည်ဖြစ်ပြီး နိုင်ငံတစ်ခုကို လှပခြင်း၊ မလှပခြင်းကို သတ်မှတ်ပြောဆိုသည်မှာ ဓနအင်အား ကြွယ်ဝ ချမ်းသာခြင်းက အဓိကပြဿနာမဟုတ်ကြောင်း၊ လက်နက် အင်အားကောင်းခြင်း၊ စစ်အင်အား ကောင်းခြင်းက အဓိက မဟုတ်ဘဲ ယုံကြည်စိတ်ချရသည့် နိုင်ငံမျိုးကိုသာ လှပသည်ဟု ဆိုနိုင်ကြောင်း ကိုမင်းကိုနိုင်က ပြောဆိုသည်။
ပညာရှင်များ၏ ဒဿနစကားဝိုင်းကို လှပသောနိုင်ငံ တော်ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး စာရေးဆရာချစ်ဦးညို၊ ဆရာ မောင်မောင်ဇေယျ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်း ဆွေတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ဒေါက်တာဆန်းထွန်းက moderator
အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

'ကျွန်တော်တို့ နိုင်ငံက ရွက်ကြမ်းရေကျိုနိုင်ငံဖြစ်ပါတယ်။ လှတယ်ဆိုတာထက် ကြည့်ပျော်ရှုပျော်နိုင်ငံပဲ။ အချဉ်ထုပ်ကို ကလေးတွေ စားနေသမျှကာလပတ်လုံး၊ ဆိုဂျုနဲ့ ဂင်ချီကို လူကြီး တွေ စားနေသမျှကာလပတ်လုံး၊ ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်နေသမျှကာလပတ်လုံး၊ ချိုင့်တွေ၊ ခွက်တွေမှာ ကားတွေ ကြမ်းကြမ်းတမ်းတမ်း မောင်းရသမျှကာလပတ်လုံး၊ ဖုန်တွေ၊ သဲတွေနဲ့ လေကိုရှူရပြီး မိုးရွာရင် ရွှံ့တွေ၊ ဗွက်တွေနဲ့ သွားနေရသမျှ ကာလပတ်လုံး စသည်ဖြင့် လှပသောနိုင်ငံတော်ဖြစ်လာမှာ မဟုတ်ဘူး။ ရွက်ကြမ်းရေကျိုအဆင့်ပဲ ဖြစ်ပါတယ်။ လှပသော နိုင်ငံတော်ဖြစ်လာဖို့က ကလေးတွေနဲ့ လူငယ်တွေကိုကောင်းသော စိတ်ပတ်ဝန်းကျင်၊ လူ့ပတ်ဝန်းကျင် ဖန်တီးပေးဖို့ ကျွန်တော်တို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်'ဟု စာရေးဆရာ ချစ်ဦးညိုက ပြောဆိုသည်။
ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန အသုံးချဒဿန အမြင်ပြပွဲနှင့် ပညာရှင်များ၏ ဒဿနစကားဝိုင်းကို ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ကာတွန်းတပ်ဆင်ခြင်းအနုပညာ၊ တင်ဆက်ခြင်း အနု ပညာ၊ ကဗျာ၊ ဘွန်ဆိုင်းသစ်ပင်၏ အလှတရားနှင့် ပညာပေး သရုပ်ပြ၊ ဂျပန်ရိုးရာ ဆာမူရိုင်း၏ ရသအလှသရုပ်ဖော်ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ဖော်တင်ဆက်မှုများ၊ ဒဿနစာစုများနှင့် ဒဿနဆိုင်ရာ စာအုပ်များကို ခင်းကျင်းပြသ ထားကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - အိဟေမာ

The Standard Time Daily

0 comments:

Post a Comment