Wednesday, August 28, 2019

မုံရွာစတိုးဆိုင်ဝန်ထမ်းများအား တိုင်းတရားရုံးက တရားသေလွှတ်မိန့်ချ

ပြစ်မှုမကျူးလွန်ဘဲ တရားစွဲထောင်ချခံခဲ့ရတဲ့ မုံရွာမြို့ရှိ ငြိမ်းချမ်းရေးဂျိုးငှက်စတိုး ဆိုင်က ဝန်ထမ်းတွေကို  စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးက တရားသေလွှတ်မိန့်ချ မှတ်လိုက်ပါတယ်။

မုံရွာမြို့က ငြိမ်းချမ်းရေးဂျိုးငှက်စတိုးဆိုင်ရှင်က ငွေကျပ်သိန်း ၆၂၀ ကွာဟတယ်ဟုဆိုကာ ဆိုင်ဝန်ထမ်းတွေကို ၂၀၁၆ မေလ ၁၃ ရက်က  ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၁ နဲ့ တရားစွဲဆိုရာ ၂၀၁၇ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြို့နယ် တရားရုံးက ဝန်ထမ်းတွေကို အလုပ်နဲ့ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့ပါတယ်။
မြို့နယ်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ကို  မကျေနပ်လို့ ဆိုင်ဝန်ထမ်းတွေက စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ အယူခံတင်ရာမှာ သြဂုတ် ၂၇ ရက်နေ့က ဆိုင်ဝန်ထမ်းတွေကို တရားသေလွှတ်ပေးလိုက်တာပါ။
တရားစွဲခံရတဲ့ အရောင်းစာရင်းကိုင် မဖြိုးဖြိုးဝေက”ကျမတို့ကို အဲ့တုန်းက သိန်း ၆၂၀ ငွေကွာတယ်ဆိုပြီး ဆိုင်ဝန်ထမ်း ၅ ယောက်ကို အမှုဖွင့်တယ်။ ကျန် နှစ်ယောက်ကတော့ လွှတ်ပေးလိုက်တယ်။ ကျမတို့ ၃ ယောက်ကိုတော့ တရားဆက်စွဲတယ်။ ကျမတို့ ထောင်အချုပ်မှာ တနှစ်ကျော် အချုပ်ခံခဲ့ရတယ်။ ကျမတို့ အမှန်တကယ်မယူပါပဲ ခံခဲ့ရတာ။ တိုင်ချက်က သိန်း ၆၂၀ ကွာတယ်ဆိုပြီး တိုင်တယ်၊ တရားခွင်မှာ သိန်း ၁၇၀၀ ကွာတယ်ဆိုပြီး တမျိုးထွက်တယ်။ နောက်ပြီး သက်သေခေါ်တာတွေကလည်း ခိုင်လုံတဲ့ အထောက်ထားမရှိဘူး။ ဒါပေမယ့် မြို့နယ်တရားရုံးက ကျမတို့ကို အလုပ်နဲ့ ထောင်ဒဏ် တနှစ်ချ လိုက်တယ်။”လို့ပြောပါတယ်။
အဆိုပါ ဆိုင်ဝန်ထမ်း ၃ ဦးဟာ နောက်ပိုင်းမှာ ချုပ်ရက်ခံစားခွင့်နဲ့ပြန်လွတ်လာပေမယ့် အယူခံတင်ပြီး  အမှုကို ဆက်လက်ရင်ဆိုင်နေရာဖြစ်ပါတယ်။ 
“လွတ်လာတာက ချုပ်ရက်ခံစားခွင့်နဲ့လွတ်လာတာ။ လွတ်လာပေမယ့် အဲ့ဒီအမိန့်က ကျမတို့မလုပ်ပါဘဲ ချမှတ်ခဲ့တဲ့ အမိန့်ဖြစ်တဲ့အတွက် မိမိဂုဏ်သိက္ခာကျဆင်းစေလို့ ဒီအပေါ်မှာ ခရိုင်တရားရုံးကို အယူခံတက်တယ်။ ဆိုင်ရှင်ဘက်ကလဲ ကျမတို့ကို ချတဲ့ပြစ်ဒဏ်နည်းတယ်ဆိုပြီး ပြင်ဆင်ချက်ထပ်တက်တယ်။ ခရိုင်ရုံးက အောက်ရုံးချမှတ်ခဲ့တဲ့ အမိန့်ကိုပဲ အတည်ပြု ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ တိုင်းတရားရုံးကို ကျမတို့က အယူခံထပ်တက်တယ်။ တဘက်ဆိုင်ရှင်ကလဲ တိုင်းထိ ပြင်ဆင်ချက် ထပ်တက်ထားတယ်။ အခု တိုင်းတရားရုံးက ကျမတို့ရဲ့ အယူခံကို လက်ခံပြီး တရားသေလွှတ်ပေးလိုက်ပါတယ်။ ဆိုင်ရှင်ရဲ့ ပြင်ဆင်ချက်ကိုတော့ ပလပ်လိုက်တာပါတယ်” လို့ အရောင်းစာရင်းကိုင် မဖြိုးဖြိုးဝေ ပြောပါတယ်။
ဆိုင်ရှင်က စတင်အမှုဖွင့်စဉ်က စွပ်စွဲခံရသူ အဆိုပါ ဝန်ထမ်းတွေကနေ ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ကလည်း မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ဖူးပါတယ်။
မြို့နယ်နဲ့ ခရိုင်မှာ အမှုရှုံးနိမ့်ခဲ့ပြီး အခုလိုတိုင်းအဆင့်မှ အနိုင်ရရှိတဲ့အပေါ်မှာ စွတ်စွဲခံရသူတွေ အနေနဲ့ မကျူးလွန်ပါဘဲ စွန်းထင်းခဲ့တဲ့ အမဲစက်တခုကို တရားမျှတစွာ ခြေဖျက်နိုင်ခဲ့တယ်လို့ ဆိုင်ဝန်ထမ်း ကိုသန်းထိုက်အောင်က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ အောက်ရုံးအဆင့်ဆင့်မှာ ရှုံးလာခဲ့တာ။ မိမိလည်း တကယ်မခိုးဘူး အမှန်တကယ်မယူပါပဲ ခံခဲ့ရတယ်။ ဒီစာရင်းကလည်း ကျနော်တို့အလုပ်ထွက်ပြီး နောက်ပိုင်း လက စာရင်းပါ။ ဒါကို မကျေနပ်လို့ တိုင်းအဆင့်ထိတက်မှ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာ။ ဒါ မိမိမဟုတ်ပါဘဲ အစွန်းထင်းခံခဲ့ရတဲ့ အမဲစက်ကို မျှတတဲ့ ဥပဒေနဲ့ ချေဖျက်နိုင်ခဲ့တာပဲ”
တိုင်းတရားရုံးရဲ့ တရားသေလွှတ်တဲ့ အမိန့်စာကိုတော့ တောင်းခံထားပြီး အမိန့်စာပါ သုံးသပ်ချက်အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ စွပ်စွဲခံရသူ ဆိုင်ဝန်ထမ်းတွေဘက်က လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။
“ဒီအမှုနဲ့ပတ်သတ်ပြီး ဥပဒေချုပ်ရုံးကလည်း လွှတ်သင့်တယ်လို့ ထောက်ခံချက်လည်း ရရှိထားပါတယ်။ အမိန့်မှာလဲ စွပ်စွဲခံရသူတွေကို တရားသေလွှတ်လိုက်တယ်။ အမိန့်စာကိုတော့ တောင်းထားတယ်။ ဒီအမိန့်စာပါ သုံးသပ်ချက်အသေးစိတ်ကတော့ လက်ထဲရောက်မှ သိရမှာပဲ”
မုံရွာမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တနှစ်အမိန့်ချမှတ်ခဲ့ပြီးနောက် ချုပ်ရက်နဲ့ လွတ်မြောက်လာတဲ့ ဝန်ထမ်းတွေက အမှုအပေါ် မကျေနပ်လို့ မိသားစုဝင်တွေနဲ့အတူ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်က မုံရွာမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ဒီအမှုနဲ့ပတ်သတ်လို့ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးက မြို့နယ်နဲ့ခရိုင်က ချမှတ်ခဲ့တဲ့ အမိန့်တွေကို ပယ်ဖျက်ကာ ဆိုင်ဝန်ထမ်း သုံးဦးကို တရားသေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
သတင်း- ရန်နိုင်စိုး
DVB

0 comments:

Post a Comment