Monday, August 26, 2019

ဟောင်ကောင်အရေးတွင် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ထောက်ခံအားပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပြောကြား

ဟောင်ကောင်အရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံအားပေးကြောင်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် သြဂုတ် ၂၂ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်အား တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်သည် လက်ရှိဟောင်ကောင်အခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊  သံအမတ်ကြီး Mr. Chen Hai က လတ်တလောကာလအတွင်း ဟောင်ကောင်၌ ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်အား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး Mr. Chen Hai က ဟောင်ကောင်အား တရုတ်ပြည်မကြီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း “တစ်နိုင်ငံစနစ်နှစ်မျိုး(One Country Two Systems)” ၊ “ဟောင်ကောင်ကို ဟောင်ကောင်သား ဟောင်ကောင်သူများ ကိုယ်တိုင်စီမံအုပ်ချုပ်ခြင်း(Hong Kong People administering Hong Kong)” ၊ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခြင်း(High Degree of Autonomy) တို့ကို လက်တွေ့ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိ ဟောင်ကောင်အရေးကိစ္စ၏ နောက်ကွယ်တွင် ပြည်ပအင်အားစု၏ နှောင့်ယှက်မှုနှင့် ထိန်းချုပ်မှုများ ပါဝင်နေကြောင်း၊ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ကြောင်း၊ ဟောင်ကောင် အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်း၊ တရုတ်နိုင်ငံဗဟိုအစိုးရသည် “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးမည်ဖြစ်ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေး အဖွဲ့အစည်းမှ အကြမ်းဖက်ပြစ်မှုကျူးလွန်သူများအား ပြင်းပြင်းထန်ထန်အရေးယူခြင်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်း၊ တိုင်းပြည်ကိုချစ်မြတ်နိုးသူ၊ ဟောင်ကောင်ကို ချစ်မြတ်နိုးသူများမှ ဟောင်ကောင်၏ တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်း တည်ငြိမ်ရေးကို ထိန်းသိန်းကာကွယ်ခြင်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်း ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို အစဉ်ကိုင်စွဲ ကျင့်သုံးလျက်ရှိပြီး “တစ်နိုင်ငံ စနစ်နှစ်မျိုး” ကိုလည်း ထောက်ခံကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်မှုရရှိပြီး ဟောင်ကောင်သား၊ ဟောင်ကောင်သူများ၏ လူမှုစီးပွားအခြေအနေများ ပုံမှန်အနေအထားသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟောင်ကောင်တွင် ပြစ်မှုကျူးလွန်သူများကို တရုတ်ပြည်မကြီးသို့ ပြန်လည်လွှဲပြောင်းမည့် ဥပဒေနှင့် ပတ်သက်ပြီး ဟောင်ကောင်တွင် နေထိုင်သူများက သဘောတူခြင်းမရှိသဖြင့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။  အဆိုပါဥပဒေမှာ နိုင်ငံရေးလှုပ်ရှားသူများကို ရည်ရွယ်ပြီး ရေးဆွဲထားသည့် ဥပဒေဖြစ်သဖြင့် ဟောင်ကောင်တွင် နေထိုင်သူများက ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်သူများကို ဟောင်ကောင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုကာ အကြမ်းဖက်နှိမ်နင်းခြင်းများကြောင့် ဆန္ဒပြသူအချို့မှာ ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ပြီး အချို့မှာ ဖမ်းဆီးခံရခြင်းများရှိနေသည်။

Eleven Media Group

0 comments:

Post a Comment