Wednesday, August 28, 2019

အမေရိကတွင် မော်တော်ယာဉ်များ၌ မှန်မဲ့နောက်ကြည့်ကင်မရာစနစ်ကို စမ်းသပ်မည်

အမေရိကန် အမျိုးသားအဝေးပြေး လမ်းဘေး ကင်းလုံခြုံရေးဌာန NHTSA က သမားရိုးကျ နောက်ကြည့်မှန်စနစ်နေရာတွင် အခြားနိုင်ငံများ၌ ခွင့်ပြုထားပြီးသော နည်းပညာဖြစ်သည့် မှန်မဲ့ကင်မရာစနစ်ဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု အင်္ဂါနေ့က ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
NHTSA ဌာနက စမ်းသပ်မည့်စနစ်တွင် သမားရိုးကျမှန်များနှင့် ကင်မရာ အခြေပြုစနစ်များ ပါဝင်သောကားများတွင် ကားမောင်းနှင်မှုပုံစံနှင့် ကားလမ်းက ကားရွေ့လျားမှုအား ပြောင်းလဲစေခြင်းကို ဆန်းစစ်လေ့လာမည်ဖြစ်သည်။

၂၀၁၄ မတ်လတွင် GM, Volkswagen, Toyota ကော်ပိုရေးရှင်းများ စုဖွဲ့ထားသည့် ကားထုတ်လုပ်သူများအသင်းက ကင်မရာအခြေပြု နောက်ကြည့်မှန်နှင့် ဘေးကြည့်မှန်စနစ်များ အသုံးပြုရေးကို NHTSA ဌာနအား မေတ္တာရပ်ခံခဲ့သည်။ အလားတူပင် ၂၀၁၅ တွင် Daimler ကော်ပိုရေးရှင်းကလည်း အကြမ်းသုံး ကုန်တင်ကားများတွင် သမားရိုးကျ နောက်ကြည့်မှန်အစား ကင်မရာစနစ် အသုံးပြုရေးကို အဆိုပြုခဲ့သည်။

အဆိုပါမေတ္တာရပ်ခံချက်များမှာ ယခုအထိ စောင့်ဆိုင်းနေရဆဲဖြစ်သည်။ NHTSA ၏ မနှစ်ကကြေညာချက်တွင် ထိုကိစ္စကို လေ့လာနေဆဲဖြစ်ကြောင်းနှင့် လူစီးယာဉ်များတွင် ရှေးဦးစွာစမ်းသပ်မည်ဖြစ်ပြီး ကုန်တင်ယာဉ်များကိုနောက်မှ စဉ်းစားမည်ဖြစ်ကြောင်း ပါရှိသည်။

သို့ရာတွင် မော်တော်ယာဉ်ထုတ်လုပ်သူများက ကားပါကင်ရပ်နားရာတွင် အထောက်အကူပြုမည့် ရှေ့နှင့်နောက် ကင်မရာစနစ်များကို တွင်တွင်ကျယ်ကျယ် ထည့်သွင်းလာကြပြီး အခြားဈေးကွက်များတွင် ကင်မရာဘေးကြည့်မှန်စနစ်ကိုပါ ထည့်သွင်းပေးခဲ့ကြသည်။

Toyota က မနှစ်ကဂျပန်တွင် ဘေးကြည့်မှန်အစား ကင်မရာစနစ် အစားထိုးထားသည့် Lexus ES မော်ဒယ်ကိုစတင်ဖြန့်ချိခဲ့ပြီးနောက် Volkswagen ကလည်း ဘေးကြည့်မှန် ကင်မရာစနစ် ထည့်သွင်းထားသော Audi e-tron မော်ဒယ်လ်ကို ဥရောပတွင် ဖြန့်ချိခဲ့သည်။

ယင်းကားနှစ်မျိုးစလုံးကို အမေရိကတွင် သမားရိုးကျ ကြည့်မှန်စနစ်ဖြင့် ရောင်းချပေးခဲ့သည်။

Honda ကလည်း ယခုနှစ်ကုန် ဥရောပတွင်ဖြန့်ချိမည့် e မော်ဒယ်လ်အတွက် ကင်မရာနည်းပညာ ရရှိထားပြီဟု ထုတ်ပြန်သည်။

အဆိုပါ ကင်မရာနည်းပညာစနစ်ကို ဥရောပနှင့် ဂျပန်တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။

မှန်မဲ့ ကင်မရာစနစ်သည် နည်းပညာက ဥပဒေထက် ရှေ့ရောက်နေသောနမူနာ ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု Audi အမေရိကမှ ပြောရေးဆိုခွင့်ရှိသူ မတ်ခ်ဒန်ကီက ပြောကြားသည်။

Telsa ကုမ္ပဏီကလည်း ၎င်း၏ မော်ဒယ်လ် X, မော်ဒယ်လ် S နှင့် မော်ဒယ်လ် 3 တို့တွင် အပြင်ဘက်ကင်မရာ ရှစ်လုံးစနစ်တပ်ဆင်ရန် လုပ်ဆောင်နေကြောင်းနှင့် ၃၆၀ ဒီဂရီ ပတ်ချာလည် မြင်ကွင်းကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း အောက်တိုဘာလကတည်းက ကြေညာထားသည်။

The Voice

0 comments:

Post a Comment