Thursday, August 29, 2019

ထိုင်း တရားရုံးချုပ်အနေဖြင့် ၀င်းနဲ့ဇော်တို့ အပေါ် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်သင့်ခဲ့ဟုဆို


ထိုင်းနိုင်ငံ ခိုထောင်ကျွန်းမှာ ၂၀၁၄ ခုနှစ်က ဗြိတိသျှ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးရဲ့ အယူခံကို ထိုင်း တရားရုံးချုပ်က သြဂုတ် ၂၉ ရက်မှာ ပယ်ချသွားခဲ့ပြီး သေဒဏ်ကို ဆက်လက် အတည်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း သူတို့ နှစ်ဦးအပေါ် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်သင့်ကြောင်း ၄င်းတို့ နှစ်ဦးရဲ့ ဥပဒေကြောင်းဆိုင်ရာ ခုခံကာကွယ်ရေးအဖွဲ့မှ နိုင်ငံတကာ ဥပဒေအကြံပေးဖြစ်သူက ပြောဆိုခဲ့ပါတယ်။ 
ဗြိတိသျှ ခရီးသွားစုံတွဲဖြစ်တဲ့ အမျိုးသမီးဖြစ်သူ ဟန်နာဝစ်သာရစ်ခ်ျ(၂၃ နှစ်)၊ အမျိုးသားဖြစ်သူ ဒေးဗစ်မီလာ(၂၄) နှစ်တို့ ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာလုပ်သား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ မှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ၄င်းတို့ စုံတွဲရဲ့ အလောင်းတွေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက ခိုထောင်ကျွန်း အပန်းဖြေစခန်းတစ်ခုရဲ့ တောင်ဘက် ကမ်းခြေမှာ တွေ့ရှိခဲ့တာပါ။ ယင်းအမှုနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်တဲ့ ၀င်းနဲ့ ဇော်တို့ အပေါ် ၂၀၁၅ ခုနှစ်မှာ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။ ၄င်းတို့အပေါ် စီရင်ချက်ကို ၂၀၁၇ ခုနှစ်မှာ အယူခံတရားရုံးတစ်ခုကလည်း အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ 
ဒါပေမဲ့လည်း တာဝန်ရှိသူတွေဟာ စုံစမ်းစစ်ဆေးမှုနဲ့၊ DNA အထောက်အထားတွေမှာ တလွဲတချော်လုပ်မှုတွေရှိခဲ့ကာ ဒီအန်အေ နမူနာတွေတွေကို လွတ်လပ်တဲ့ ခွဲခြမ်းစိပ်ဖြာခွင့်မပြုခဲ့သလို ၀င်းနဲ့ဇော်တို့ ကို အတင်းအကြပ် ဖြောင့်ချက်ပေးစေမှုလုပ်ခဲ့ကြောင်း တရားခွင်တွေအတွင်း တရားခံရှေ့နေတွေက ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အာရုံစိုက်စရာဖြစ်ခဲ့ကာ ထိုင်း ခရီးသွားကဏ္ဍပုံရိပ် ပျက်စီးစေမယ့် ခြိမ်းခြောက်မှုဖြစ်လာတဲ့ ယခုအမှုမှာ ဖိအားတွေပြေလျော့သွားအောင် ရဲတပ်ဖွဲ့က မရိုးမဖြောင့်ဖြေရှင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိခဲ့ပါတယ်။ ကြာသာပတေးနေ့ မနက်ပိုင်းက ဘန်ကောက်မြို့စွန်မှာ ပြုလုပ်ခဲ့တဲ့ တရားရုံးကြားနာမှုကို ၀င်းနဲ့ဇော်တို့ဟာ ထောင်ဝတ်စုံတွေနဲ့ ရောက်လာခဲ့ကြတာပါ။ 
ဝင်းနဲ့ ဇော်ဘက်က နိုင်ငံတကာ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ အန်ဒီဟောလ်ကတော့ သူတို့ နှစ်ဦးအပေါ် စွဲချက်မှာ တင်ပြခဲ့တဲ့ အထောက်အထားတွေဟာ ခိုင်မာအားကောင်းမှု မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုကို လေးစားပေမယ့် သူ့အနေနဲ့တော့ သူတို့ နှစ်ဦးအပေါ် စီရင်ချက်ကို ပယ်ချကာ သေဒဏ်ကို ပယ်ဖျက်သင့်တယ်လို့  ယူဆကြောင်း ၄င်းက ပြောဆိုခဲ့ပါတယ်။ 
ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ နာမည်ဆိုးထွက်ခဲ့ကာ အချို့အမှုတွေဟာ တရားရုံးတွေမှာ အလွန်မြန်မြန်ဆန်ဆန်ပြီးမြောက်ပေမယ့် အချို့အမှုတွေကတော့ နှစ်နဲ့ချီကြာခဲ့ပါတယ်။ 
၂၀၁၇ ခုနှစ်က အယူခံတရားရုံးရဲ့ စီရင်ချက်ချချိန်မှာ ၀င်းနဲ့ဇော်အတွက် စကားပြန်မရှိခဲ့သလို ရှေ့နေတွေလည်း မရှိခဲ့ကြောင်း တရားခံ ရှေ့နေတွေက ပြောပါတယ်။ 
တရားရုံးချုပ်က သေဒဏ်ကို ဆက်လက် အတည်ပြုခဲ့တာကြောင့် မြန်မာလူငယ်နှစ်ဦးဟာ ထိုင်း ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသားခွင့် ရနိုင်ရေးသာ နောက်ဆုံးမျှော်လင့်ချက်ရှိပါတော့တယ်။ 
ထိုင်းနိုင်ငံဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သေဒဏ် ကွပ်မျက်မှုကို ပြီးခဲ့တဲ့နှစ်မှာ ပြန်လည်ပြုလုပ်ထားခဲ့ပါတယ်။ သေဒဏ် ကွပ်မျက်မှုကို ရုတ်တရက် ပြန်လည်ကျင့်သုံးခဲ့တာကြောင့် ယင်းလုပ်ထုံးလုပ်နည်းကို ပယ်ဖျက်ပစ်ဖို့အထိ မျှော်လင့်ခဲ့ကြတဲ့ လူ့အခွင့်အရေးအုပ်စုတွေက ပြစ်တင်ရှုတ်ခဲ့ပါတယ်။ 
အသတ်ခံခဲ့ရတဲ့ မီလာရဲ့ မိဘတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဖြစ်သူ ၀စ်သာရစ်ခ်ျရဲ့ မိသားစုကတော့ ကောက်ချက်တွေအပေါ် ပိုမို တွေးဆပြောဆိုမှုတွေလုပ်ခဲ့ကာ သူမရဲ့ အစ်မကလည်း စုံစမ်းစစ်ဆေးမှုတွေဟာ အလွဲအချော်တွေ ရှိခဲ့တယ်လို့  နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : CNA
ကိုလင်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment