Tuesday, August 27, 2019

မိုးညှင်းမြို့နယ်မှနှစ်လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိသူ ၂ ဦးကိုဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်မှနှစ်လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိသူ ၂ ဦးကိုဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ သြဂုတ်လ ၂၂ ရက်တွင်သတ်ဖြတ်ခံခဲ့ရသော နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိတရားခံ ၂ ဦးကိုဖမ်းဆီးရမိပြီဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာလယ်တော၌ သြဂုတ်လ ၂၂ ရက်၊ နံနက် ၇ နာရီခန့်က စာရင်းငှားမျိုးသူဦး၊ (၃၃)နှစ်နှင့် မသီတာအေး၊ (၃၃)နှစ်တို့လင်မယား သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခင်းဖြစ်ပွားပြီးနောက်တစ်နေ့မှာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို စုံစမ်းသိရှိသွားတယ်။ အဲဒါနဲ့လိုက်ဖမ်းခဲ့ပြီးတော့ ချော့မော့ဖျောင်းဖျမှုတွေပြုလုပ်ခဲ့ရတယ်။ အဲဒါကြောင့် သူတို့ ၂ ဦးကလည်း လက်ခံပြီးအဖမ်းခံခဲ့တာပေါ့။ အဲဒီလိုမှမဟုတ်ရင်သူ့တို့ကိုယ်သူတို့သတ်သေတော့မယ်ဆိုပြီး လုပ်နေတာဗျ။ ဒါပေမဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကနေ နားဝင်အောင်ဖျောင်းဖျစည်းရုံးနိုင်ခဲ့တာပါ။ အခုတော့ မိုးညှင်းစခန်းကိုလွှဲပေးပြီးတရားစွဲတင်ဖို့ဆောင်ရွက်နေပါတယ်” ဟု နယ်မြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်ခိုင်ဦး၊ (၄၀)နှစ်နှင့်သိန်းအောင်၊(၅၂)နှစ်တို့ ၂ ဦးကို လုံးတုံနယ်မြေရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦး၏နောက်ကြောင်းကိုစုံစမ်းရာတွင် သေဆုံးသူဇနီးသီတာအေး၌ သားသမီး ၃ ဦးရှိခဲ့ပြီး ခင်ပွန်းဆုံးပါးသွားသည့်အတွက် နန့်မွန်းမြို့၊အင်းသာကျေးရွာတွင်နေထိုင်သူကိုသက်ခိုင်ဦး၊ (၄၀)နှစ်နှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစတင်ကာ ချစ်ကြိုက်ဖူးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသက်ခိုင်ဦး (၄၀)နှစ်၌လည်း အသက် ၆၅ နှစ်အရွယ်ဇနီးရှိလျက် သေဆုံးသူသီတာအေးနှင့် ချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး သီတာအေးမှာ ၎င်းနှင့်ချစ်ကြိုက်နေစဉ် သေဆုံးသူမျိုးလင်းဦးနှင့်တွေ့ဆုံကာ ထပ်မံချစ်ကြိုက်ပြီး အခင်းမဖြစ်မီလွန်ခဲ့သော(၃)လခန့်မှစ၍ ပေါင်းသင်းကာ မျိုးလင်းဦးအလုပ်လုပ်ကိုင်သည့်လယ်၌ လိုက်ပါနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့နေထိုင်သည်ကို သက်ခိုင်ဦးကမကျေနပ်သဖြင့် လယ်ချင်းကပ်လျက်နေထိုင်သော ရင်းနှီးခင်မင်သည့် ဦးသိန်းအောင်၊ (၅၂)နှစ်နှင့် သောက်စားပြီးရင်ဖွင့်ပြောဆိုရာမှ ၎င်းတို့ ၂ ဦးကို သတ်ဖြတ်ရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် သြဂုတ်လ ၂၁ ရက်၊ ညအချိန်တွင် မျိုးလင်းဦးနှင့်သီတာအေးတို့နေထိုင်သော လယ်တဲအနီးသို့သွားရောက်ကာ အိပ်နေချိန်အထိစောင့်ဆိုင်းပြီးနောက် ပါလာသော သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် မသေမချင်းဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ခိုင်ဦး၊ (၄၀)နှစ်နှင့် သိန်းအောင်(၅၂)နှစ်တို့ကို လုံးတုံနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်ကာ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့ထံသို့လွှဲပြောင်းပေးခဲ့ပြီး တရားစွဲတင်နိုင်ရေးအတွက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ဒါးဇ ( အကုန်သိ သတင်းဌာန ) 

0 comments:

Post a Comment