Tuesday, August 27, 2019

ဟောင်ကောင်အရေး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံဟု ဝန်ကြီး ဦးကျော်တင်ပြော

ဟောင်ကောင် အရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံအားပေးတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က သွားရောက်တွေ့ဆုံစဉ် လက်ရှိ ဟောင်ကောင်အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြတာပါ။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်ကိုင်စွဲကျင့်သုံးနေပြီး “တနိုင်ငံ စနစ်နှစ်မျိုး” ကိုလည်း ထောက်ခံကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်မှုရရှိပြီး ဟောင်ကောင်သား ဟောင်ကောင်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေ ပုံမှန်အနေအထားသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်သံအမတ်ကြီး ချန်းဟိုင်ကလည်း လက်ရှိ ဟောင်ကောင် အရေးကိစ္စရဲ့ နောက်ကွယ်မှာ ပြည်ပအင်အားစုရဲ့ နှောင့်ယှက်မှုနဲ့ ထိန်းချုပ်မှုတွေ ပါဝင်နေကြောင်း၊ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်ဖြစ်ကြောင်း၊ ဟောင်ကောင်အရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုအစိုးရဟာ “တနိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးမှာဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရက ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။ 
ဒါ့အပြင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသက ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့ အစည်းတွေက အကြမ်းဖက် ပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူတဲ့အပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်းလည်း တရုတ်သံအမတ်က ပြောသွားပါတယ်။
အဆိုပါတွေ့ဆုံပွဲအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံသို့ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်ကိစ္စ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ခွာသွားသူတွေ ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘော ပါဝင်ကူညီဆောင်ရွက်နေတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်အောက်ကို တနိုင်ငံ စနစ် နှစ်မျိုး အုပ်ချုပ်ရေးကတိနဲ့အတူ ၁၉၉၇ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်တည်းက ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးထက် ပိုလွတ်လပ်တဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့တာပါ။
ဒါပေမယ့် တရုတ်ပြည်မကြီး အစိုးရက သံသယရှိတဲ့လူတွေကို တရုတ်ပြည်မကြီးက တရားရုံးတွေမှာ စစ်မေးတရားစီရင်ခွင့်ပြုဖို့ ဟောင်ကောင်ကနေ တရုတ်နိုင်ငံဆီ အကျဉ်းသား လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို လွှတ်တော်တင်ခဲ့အပြီး လူသန်းချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဟောင်ကောင်မှာ စတင်ဖြစ်ပွားခဲ့တာပါ။
ဒီဥပဒေမူကြမ်းကို အခု ဆိုင်းငံ့လိုက်ပြီ ဖြစ်ပေမယ့် အပြီးတိုင် ရုပ်သိမ်းဖို့၊ ဆန္ဒပြပွဲကို အဓိကရုဏ်းအဖြစ် တံဆိပ်တပ် ဖော်ပြနေတာတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးခံတွေကို စွဲဆိုထားတဲ့ အမှုတွေကနေ ရုပ်သိမ်းပေးဖို့၊ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဟောင်ကောင်သားတွေ ဆက်လက် တောင်းဆို ဆန္ဒပြနေပါတယ်။
ဟောင်ကောင်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက   ၃ လနီးပါး ရှိလာပြီး ဟောင်ကောင် အာဏာပိုင်တွေကလည်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေပါတယ်။   
ဓာတ်ပုံ- တရုတ်သံရုံး
DVB

0 comments:

Post a Comment