Wednesday, August 28, 2019

ရိုးရာဝတ်စုံကို ပုံဖျက်ဝတ်ဆင်ခဲ့သော ကျော်ကျော်နန္ဒကို သဘင်အစည်းအရုံးက အရေးယူမည်

Image may contain: 1 person, standing
Miss Sweet Lady Boy Grand Final ပြိုင်ပွဲကြီးတွင် သီချင်းသီဆိုဖျော်ဖြေစဉ် ဝတ်ဆင်ခဲ့သော ကျော်ကျော်နန္ဒ၏ ဝတ်စုံနှင့်ပတ်သက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စုံကို ပုံဖျက်ဝတ်ဆင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံးက တရားစွဲဆိုသည်အထိ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းက စံတော်ချိန်သို့ ပြောဆိုသည်။

'ကျွန်တော်တို့ သဘင်အစည်းအရုံးက ကြေညာထားတဲ့ ကြေညာချက်အတိုင်းပဲ သူ့ကိုလိုအပ်ရင် တရားစွဲဖို့အထိ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကိုတင်ပြသွားမှာပေါ့။ သူ့ဘက်က လာတောင်းပန်တာလည်း မရှိသေးဘူး။ အစည်းအရုံးကို ဘယ်သူမှလာမတောင်းပန်သေးပါဘူး။ ကျွန်တော်တို့ဘက်က ဥပဒေကြောင်းအရ ဆက်သွားမယ်လို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ထက်အရေးကြီးတဲ့ယဉ်ကျေးမှုတို့၊ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီတို့၊ အမျိုးသားယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို စာတင်မှာပါ။ သူတို့ကို အရေးယူခိုင်းမှာပါ။ ဥပဒေကြောင်းအရဆိုတာ နိုင်ငံတော်က တရားဝင်အဖွဲ့အစည်းတွေကိုပဲ အရေးယူခိုင်းမှာပါ။ ကျွန်တော်တို့ ပြောထားပြီးတဲ့အတိုင်းပဲ ကျွန်တော်တို့ဘက်ကတော့လက်မခံနိုင်ဘူး။ ပြစ်တင်ရှုတ်ချတယ်။ ဥပဒေကြောင်းအရလည်း အရေးယူနိုင်ဖို့တင်ပြမယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အရေးယူခိုင်းမယ်။ အဲဒီထက်မြင့်တဲ့ဌာနတွေကိုလည်းတင်ပြမယ်။ အရေးယူဖို့ တစ်ခုခုတော့လုပ်ရမှာပေါ့။ တရားဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိတဲ့ အရေးယူလို့ရမယ့် အဖွဲ့အစည်းကနေပြီးတော့ အရေးယူပါလိမ့်မယ်' ဟု ၎င်းကပြောဆိုသည်။
'မြန်မာတစ်မျိုးသားလုံး၏ နှလုံးသည်းပွတ်ဖြစ်သော မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု၊ မြန်မာ့ဓလေ့ထုံးတမ်းများနှင့် မြန်မာ့သဘင်အနုပညာနှင့် သက်ဆိုင်သော ဝတ်စုံများသည် ခေတ်အဆက်ဆက် စောင့်ရှောက်ထိန်းသိမ်းလာခဲ့ကြသလို ဆက်လက်၍လည်း ရိုသေစွာထိန်းသိမ်းစောင့်ရှောက်သွားကြရမည်မှာ မလွဲမသွေဖြစ်ပါသည်။ ယခုအခါ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဝတ်အစားများ၊ သဘင်အနုပညာဆိုင်ရာ ဝတ်စားဆင်ယင်မှုများကို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ဖန်တီးခြင်းများကို တွေ့ရှိလာရသောကြောင့် ထိုလုပ်ရပ်များအား မြန်မာနိုင်ငံသဘင်အစည်းအရုံးက ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါကြောင်းနှင့် တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်' ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံးက ဩဂုတ် ၂၈ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ အဝတ်အစားဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း ခေါ်ယူသတိပေးတားမြစ်ခဲ့ပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အဝတ်အစားများကို ဆန်းသစ်တီထွင်ဖန်တီးထားသည့် အဝတ်အစားပုံစံမျိုးများကို နောက်နောင်တွင်ဝတ်ဆင်မည်မဟုတ်ကြောင်း နောက်ဆုံးအနေဖြင့် ကတိပေးခဲ့ရကြောင်း အဆိုတော် ကျော်ကျော်နန္ဒက ပြောဆိုသည်။
'ဒီနေ့ ကတိပေးခဲ့ရတာပေါ့။ နောက်နောင် ဒီလိုမျိုးအဝတ်အစားမျိုးကိုအသုံးမပြုဘူး။ မဝတ်တော့ဘူးပေါ့နော်။ လူငယ်တွေရဲ့ဆန်းသစ်တဲ့အနေနဲ့ တီထွင်ပေးလိုက်တဲ့ဟာကို ကျွန်တော်ကိုယ်တိုင်က ဝတ်ဆင်ပေးမိလိုက်တယ်။ ရည်ရွယ်ပြီးတော့ ဒါကိုဝတ်မယ်ဆိုပြီးတော့ လုပ်ထားတာမျိုးလည်းမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် စိတ်နဲ့ဖန်တီးပြီးတော့၊ ချုပ်ပြီးတော့ဝတ်လိုက်တဲ့ အဝတ်အစားမျိုးလည်းမဟုတ်ဘူး။ ပွဲရောက်မှ ဒီဇိုင်နာက ဒါလေးဝတ်ပြီးတော့ တက်ပေးပါလို့ပြောလို့ ကိုယ့်စိတ်ထဲမှာလည်း Mobile Legend က Hero ပုံစံအတိုင်း ချုပ်ထားပေးတာ၊ အနားအတွန့်လေးတွေနဲ့ ချုပ်ထားတာဖြစ်လို့ လှတာပဲဆိုပြီးတော့ ဝတ်ပေးလိုက်တာပေါ့နော်။ အဲဒီအတွက် ဒီဘက်မှာအရမ်းကြီး နစ်နာမှုရှိသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်။ ကျေနပ်တဲ့အထိလည်း တောင်းပန်ပါမယ်။ ပရိသတ်တွေအားလုံးလည်း နားလည်ပေးကြပါလို့ပြောချင်ပါတယ်' ဟု ကျော်ကျော်နန္ဒက စံတော်ချိန်သို့ ပြောဆိုသည်။
သတင်း - နှင်းစုမွန်
ဓာတ်ပုံ - ကျော်နန္ဒဖေ့စ်ဘွတ်စ်

0 comments:

Post a Comment