ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်လှေတစီးနဲ့ ရေပိုင်နက်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၄ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ Teknaf Today News မှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ကဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဘာကြောင့် ဝင်ရောက်လာတယ်ဆို တာကိုတော့ သတင်းမှာ တိတိကျကျ ရေးသားဖော်ပြခြင်းမရှိပါဘူး။
အမှတ်(၁) ဝင်/ထွက်စခန်းက အမည်မဖော်လိုသူတဦးကတော့ မောင်တောနယ်စပ် နတ်မြစ်ကြောင်းကနေ ဖိုင်ဘာမော်တော်ဘုတ်နဲ့ သွားသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖမ်းဆီးထားတာဖြစ်တယ်လို့ ပြောပါတယ်။
“ဖမ်းဆီးထားတာကတော့ သေချာသလောက် ရှိပါတယ်။ ဟိုဖက်နိုင်ငံကတော့ အကြောင်း ကြားလာတာ မရှိသေးပါဘူး။ ရေပိုင်နက် အနည်းငယ်ကျော်သွားတဲ့အတွက် ထင်ပါတယ်။ ဒီကိစ္စ ကတော့ နှစ်နိုင်ငံစကား ပြောရမယ့်ကိစ္စ ဖြစ်လာနိုင်ပါတယ်”လို့ပြောကြာပါတယ်။
မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ “ကြားပါတယ်ခင်ဗျ။ အဲ့ဒီသတင်းကတော့ တပ်ပိုင်းဆိုင်ရာဆိုတော့ ကျနော်တို့လည်း သိပေမယ့် ပြောပိုင်ခွင့်မရှိပါဘူး။ ဘင်္ဂလားသတင်းတွေကတော့ တက်နေပြီ ထင်ပါတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မောင်တောနယ်စပ် ဝင်/ထွက်စခန်းမှာ အခြေစိုက်တဲ့ ဓညဝတီရေတပ်စခန်းက ဗိုလ်မှူးငြိမ်းချမ်းဦးက အခုမပြောနိုင်သေးပါဘူးလို့ ပြောပါတယ်။
သတင်း- ကောင်းကောင်း၊ ဓာတ်ပုံ- Teknaf Today
DVB
0 comments:
Post a Comment