Tuesday, August 27, 2019

ဖလမ်းမြို့ပေါ်ရှိ တောင်စောင်းမြေအက်ကွဲမှု စိုးရိမ်စရာမရှိဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆို

ဓာတ်ပုံ - Myanmar Fire Services Department
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လို ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမထက်ရှိ တောင်းစောင်း မြေအက်ကွဲမှု ဖြစ်စဉ် အတွက် စိုးရိမ်စရာမရှိကြောင်း ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအို က မဇ္ဈိမ သတင်းဌာန ကိုအတည်ပြုပြောဆိုသည်။

" နှစ်အိမ်ရွှေ့တာပါ။ ရွာအနေနဲ့မဟုတ်ဘူး။ လမ်းမပေါ်မှာရှိတဲ့ နေအိမ်ပါ။ မြေပြိုမယ့်အနေအထား နည်းနည်း ရှိတော့ လူကတော့ မနေတော့ဘူး။ ရွာအနေနဲ့ မဟုတ်ပါဘူး။ အဲဒီနေရာမှ ကျောက်နဲ့မြေကြီးကို  မြေထိန်း နံရံ လုပ်မယ်။အခုလည်းလုပ်နေပါတယ်။" ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအို က ပြောသည်။
သြဂုတ်လ၂၆ ရက် နံနက်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမအထက် တောင်စောင်းပေါ်ရှိ နေအိမ်အနီးတစ်ဝိုက်တွင် မြေကြီးအက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး မြေပြိုကျမှုများ ဖြစ်ပွားနိုင်သောကြောင့် ဖလမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် ပြိုကျနိုင်မည့်နေအိမ်များမှ မိသားစုများအား ဘေးလွတ်ရာဆွေမျိုးများ၏နေအိမ်များသို့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။
"  တောင်ပေါ်မှာတော့ စစ်ဆေးနေပါတယ်။ ပြိုကျတဲ့နေရာ ရှိတယ်။ အဲဒီနေရာကို အဓိက ထားပြီးလုပ်နေ ပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒီနေရာ က စိုးရိမ်စရာမရှိပါဘူး " ဟု ဦးရွှေထီးအို က ထပ်မံဖြေကြားသည်။
ချင်းပြည်နယ်သည် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် မကြာခဏ မြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး လူနေအိမ်နှင့် ကျေးရွာများကို ပြောင်းရွှေ့ရခြင်းများ ရှိခဲ့သည်။ ထို့အပြင် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လမ်းပိတ်ဆို့မှုများကို မကြာခဏ ရင်ဆိုင်နေရသော ပြည်နယ်တစ်ခုလည်း ဖြစ်သည်။

0 comments:

Post a Comment