Tuesday, August 27, 2019

ဖောက်ခွဲရေးပစ္စည်းတင် အီရန် ဒရုန်းယာဉ်များကို အစ္စရေးစစ်တပ် ကြားဖြတ်ဟန့်တား

အီရန်က ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ထားတဲ့ ဒရုန်းယာဉ်တွေကို သုံးပြီး ဂိုလန်ကုန်းမြင့်ဒေသက အစ္စရေး ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို အစ္စရေးစစ်တပ်က ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

ကျန်ခဲ့တဲ့ရက်တွေက ဆီးရီးယားနိုင်ငံထဲကနေ အစ္စရေးနိုင်ငံထဲက ပစ်မှတ်တွေကို အဆင့်မြင့်မြင့် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အီရန်ရဲ့ ကဒ်တပ်ဖွဲ့တွေနဲ့ ရှီးယိုက် ပြည်သူ့စစ်တွေကို အစ္စရေး လေယာဉ်က ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ကဒ်တပ်ဖွဲ့ဟာ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ လက်ရုံးတွေကို ကြီးကြပ်ကွပ်ကဲတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ 
ဒရုန်းယာဉ် လွှတ်တင်တဲ့ နေရာနားမှာ အီရန်က စစ်ဆင်ရေးလုပ်ငန်းတွေ လုပ်နေပုံကို ပြသနေတဲ့ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ပုံတွေကိုလည်း အစ္စရေးက သြဂုတ် ၂၅ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ဘနွန် ပြည်သူ့စစ် ဟဇ်ဘိုလာအဖွဲ့ဝင်  နှစ်ယောက်နဲ့ အီရန်တယောက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတယ်လို့ စစ်ပွဲ စောင့်ကြည့်သူက ပြောပါတယ်။
အစ္စရေးဟာ ဆီးရီးယားနိုင်ငံထဲမှာ အမြဲတမ်း စစ်တပ် အခြေချဖို့ ကြိုးစားနေတဲ့ အီရန် ပစ်မှတ်တွေနဲ့ လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာ ပြောက်ကျားတွေဆီ အဆင့်မြင့်လက်နက် တင်ပို့မှုတွေကို အကြိမ်ရေ ရာချီပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။
DVB

0 comments:

Post a Comment