Monday, August 26, 2019

ခြေဥပြင်ဆင်ရေး မရောင်ရာဆီလူးနေပါက တရားခံရှာသည့်ပွဲနှင့် တူနေမည်

Image may contain: 4 people, hat
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကိစ္စ မရောင်ရာ ဆီလူးနေပါ က တရားခံရှာ သည့်ပွဲနှင့်သာ တူနေမည်ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီအမတ် မြေပုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။

ဩဂုတ် ၂၆ရက်က ပြုလုပ်ခဲ့သော ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက် နေ့တွင် ဒေါက်တာမောင်သင်း မိတ္ထီလာ မဲဆန္ဒ နယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး ရာ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အလွန်အရေးကြီးသည့် အချိန် ကာလ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။
'ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်သရွေ့၊ ဖက်ဒရယ် ပြည်ထောင်စု မပေါ်ပေါက်လာ သရွေ့ ရယ်မောသံမျာအစား ငိုညည်းသံတွေကိုပဲ ကြားနေရပါမယ်။ လယ်သင်းနံ့တွေ အစား သွေးညှီနံ့တွေကိုပဲ ရှူရှိုက်နေရပါမယ်။ ဒို့တာဝန် အရေးသုံးပါးဆိုတာ သေနတ် တဒိုင်းဒိုင်းဖောက်ပြီး သတိပေးပေးနေရတဲ့ ဝါဒဖြန့် စာသားတွေပဲ ဖြစ်နေပါလိမ့်မယ်။ မိမိတို့ပြောဆိုချက် အနိုင်ရဖို့အတွက် အသံကျယ်ကျယ်နဲ့ ငြင်းခုံနေကြဖို့ မဟုတ်ဘဲ
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးကြဖို့ လိုပါတယ်။ အရေးမကြီးတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး မရောင်ရာ ဆီလူးနေကြရင်တော့ လူကြီး မင်းတို့ရဲ့ လုပ်ရပ်ဟာ တရားခံရှာတဲ့ ပွဲနဲ့ သာ တူမှာဖြစ်ပါကြောင်း သတိပေး ဆွေးနွေးလိုပါ တယ်'ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဥပဒေကြမ်းကို ၄၅ဦး ကော်မတီတွင် တပေါင်းတည်း ဆောင်ရွက်သင့် ကြောင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာတွင် သဘောထားမှတ်ချက် ပြုထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သွားမည့်လမ်းကြောင်းတူနေပြီ ဖြစ်၍ ခွဲရေး၊တွဲရေး အငြင်းပွား၍ အချိန်မဖြုန်းဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

ထို့ပြင် ၄၅ဦးကော်မတီက အစီရင်ခံတင်ပြ အတည်ပြုထားသည့် အကြံပြုချက် ၃၇၆၅ချက်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းမည်ဆိုပါက မဖြစ်နိုင်ကြောင်း၊ သဘော သဘာဝတူညီသည့်အကြံပြုချက်များကို ပြန်လည်ညှိနှိုင်းပေါင်းစပ်မည်ဆိုပါက တစ်ဝက်မက လျော့နည်းသွားနိုင်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။
'အရေးမပါတဲ့ ကိုင်းဖျားကိုင်းနား အသေးအမွှားက အစလိုက်ပြီး ပြင်ဆင်နေမယ့် အစား ဥပဒေရဲ့ ပင်မကျောရိုးဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး အခြေခံ မူတွေကို ထည့်သွင်းရေးဆွဲဖို့ လိုပါတယ်။ ဒီလို အကြံပြုချက်များစွာထဲက ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အချက်တွေကို စုစည်းပြီး ဥပဒေမူကြမ်းတစ်ရပ်အဖြစ် ပြုစုတဲ့အခါမှာ အကျေအလည် ညှိနှိုင်းရွေးချယ်ဖို့ လိုအပ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင်ကော်မတီထဲတွင် များရာမဲနှင့် ရွေးချယ်ယူမည်ဆိုပါက လူနည်းစု တိုင်းရင်း သားများ၏ အသံများ၊ လိုလားချက်များ ပါမလာနိုင်သောကြောင့် ဖက်ဒရယ်ပေါ်ပေါက် ရေး ဦးတည်ချက်များ အားနည်းသွားနိုင်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။
ထို့ကြောင့် အားလုံးစေတနာပါပါဖြင့် ညှိနှိုင်းဆောင်ရွက်ကြရန်ဖြစ်ပြီး အဓိက အခက်အခဲသည် အချိန်အလွန်နီးကပ်နေခြင်း၊ နည်းနေခြင်းဖြစ်ကြောင်း၊ သီးခြားတင် သည်ဖြစ်စေ၊ တပေါင်းတည်း တင်သည်ဖြစ်စေ ညှိနှိုင်း၍မရပါက လွှတ်တော်၏ အဆုံး အဖြတ်ကို ခံယူကြရမည်ဖြစ်သောကြောင့် လွှတ်တော်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားပေးရန်လိုကြောင်း ၎င်းက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း
ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

0 comments:

Post a Comment