Friday, August 30, 2019

ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

No photo description available.

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ တောင်တန်းကျွန်းစုတွင် တစ်ရွာတည်းနေသူမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် တရားခံအား မြို့နယ်တရားသူကြီးမှ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့မှုအပေါ်ကျေနပ်မှုမရှိ၍ ပြင်ဆင်မှုတက်ရန်ကိစ္စအား ကူညီမည်ဟုဆိုပြီး ငွေကြေးတောင်းခံခဲ့သော ထီးချိုင့်မြို့နယ်တရားရုံးမှ ဘိလစ်စာရေးအားအရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်းသည် ထီးချိုင့်မြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၄၇/၂၀၁၇ အမှုနှင့်ပတ်သက်၍ တရားခံအား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရမှုအပေါ် ပြစ်မှုနှင့် ပြစ်ဒဏ် ညီမျှခြင်းမရှိဟုယူဆ၍ ပြင်ဆင်မှုတက်ရောက်ရန်နှင့် တရားရုံးတွင် နစ်နာကြေးရရှိရေးအတွက် အကူအညီပေးမည်ဟုပြောဆိုပြီး ငွေကျပ် ၅,၆၆၀,၀၀ဝိ/-ကို အကြိမ်ကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်းသည် အဂတိလိုက်စား၍ အမှုသည်ထံမှ တံစိုးလက်ဆောင်များရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး (ဘိလစ်စာရေး) ဦးဌေးဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့မရဲစခန်းတွင် ၃၀-၈-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မှ သိရသည်။

0 comments:

Post a Comment