Wednesday, August 28, 2019

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ထပ်လောင်းအတည်ပြု ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ သြဂုတ် ၂၇ ရက်က တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ထပ်လောင်းအတည်ပြုပြောကြားကြောင်း သြဂုတ် ၂၈ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။  

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိတို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပြီး မစ္စတာဝမ်ယိက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည့် မြန်မာအစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ သြဂုတ် ၁၅ ရက်မှ လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ထိုသို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးမစ္စတာဝမ်ယိအား သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့၏ တွေ့ဆုံမှုတွင် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ စီမံကိန်းကို အရှိန်အဟုန်မြှင့်တင်၍အကောင်အထည်ဖော် ဆောင်ရွက်ရေးအပါ အဝင်နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့တွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ ရပ်တည်မှုကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ကာ ယင်းမျက်နှာစာများတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

Eleven Media Group

0 comments:

Post a Comment