Thursday, August 1, 2019

ဟောမုဇ်ရေလက်ကြား အမေရိကန်ရေတပ် ကင်းလှည့်မှုတွင် ဂျာမနီပါဝင်မည်မဟုတ်

အီရန်အနီးရှိ ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ လုံခြုံရေးအတွက် အမေရိကန်ရေတပ်က ကင်းလှည့်မည့်အစီအစဉ်တွင် ဂျာမနီပါဝင်မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကို မာ့စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြသည်။
ဘာလင်ရှိ အမေရိကန်သံအမတ်ကြီးက ထိုဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ပြီး ထိုကိစ္စတွင် ဂျာမနီတွင်လည်း တာဝန်ရှိသည်ဟု ပြောဆိုလိုက်သည်။

“အမေရိကန်က စီစဉ်နေတဲ့ ဟော်မုဇ် ရေလက်ကြား ကင်းလှည့်မှုမှာ ဂျာမနီ ပါဝင်ဖို့ မရှိပါဘူး”ဟု ဟိုက်ကိုမာ့စ်က ပိုလန်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

သို့ရာတွင် ပါရှန်ပင်လယ်ကွေ့ ရေကြောင်းလုံခြုံရေးအတွက် ဥရောက ချည်းကပ်မည့် နည်းလမ်းနှင့်ပတ်သက်၍ ပြင်သစ်၊ ယူကေတို့နှင့် အနီးကပ် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်သည်ဟု ဂျာမန်အစိုးရက ပြောကြားထားသည်။

ဂျာမနီ၏ ဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်သော အမေရိကန်သံအမတ် ရစ်ချတ်ဂရင်နယ်က “ဂျာမနီဟာ ဥရောပရဲ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုရထားတဲ့နိုင်ငံဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဝတ္တရားတွေကို တာဝန်ယူရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

“အမေရိကန်ဟာ အနောက်အုပ်စုမှာ ဂျာမနီဆက်ရှိနေအောင် ကူညီဖို့အတွက် အများကြီး စွန့်လွှတ်ခဲ့ပါတယ်။ ဂျာမနီမှာ တပ်စွဲထားတဲ့တပ်ဖွဲ့ဝင် ၃၄,ဝ၀၀ အတွက် ကုန်ကျစရိတ် ဒေါ်လာ ဘီလီယံများစွာကို အမေရိကန်က ပေးဆောင်နေပါတယ်”ဟု ဂရင်နယ်က ပြောကြားသည်။

ကင်းလှည့်မှုတွင် ပါဝင်မည်မဟုတ်သည့် ဆုံးဖြတ်ချက်ကို ရှင်းလင်းရာတွင် အီရန်အပေါ် အမြင့်ဆုံး ဖိအားပေးနေသည့် အမေရိကန်၏ မဟာဗျူဟာ မှားနေသည်ဟု ဂျာမန်အစိုးရက ယုံကြည်ကြောင်း ဟိုက်ကိုမာ့စ်က ပြောကြားသည်။

အီရန်အရေးတွင် စစ်ရေးနည်းလမ်းဖြင့် အဖြေမထွက်နိုင်သောကြောင့် သံတမန်ရေးနည်းလမ်းကိုသာ ဂျာမနီက ဦးစားပေးလိုကြောင်းနှင့် ဒေသတွင်းတင်းမာမှုကို ဂျာမနီက ရှောင်ရှားလိုကြောင်း ဟိုက်ကိုမာ့စ်က ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု ဘေးကင်းရေးအတွက် လိုအပ်နေသော ကင်းလှည့်မှုတွင် ပါဝင်ရန် ဂျာမနီနှင့် ဥရောပမဟာမိတ်များကို အမေရိကန်က တရားဝင် တောင်းဆိုထားသည်။

ယူကေနိုင်ငံကလည်း ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် ဥရောပ ဦးဆောင်သည့် ကင်းလှည့်မှုကိုပြုလုပ်ရန် ယခင်အပတ်က အဆိုပြုခဲ့ရာ အီးယူနိုင်ငံ အများစုက စိတ်ဝင်စားမှုကို ပြသခဲ့ကြပြီး အမေရိကန်တို့၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးသည့်သဘော သက်ရောက်ခဲ့သည်။

ဇူလိုင်လ ၁၄ ရက်က ဟော်မုဇ် ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘော စတီနာအင်ပီရိုကို အီရန်တို့က သိမ်းဆည်းခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အနောက်အုပ်စုနိုင်ငံများ၏ တုံ့ပြန်မှုအစီအစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment