Thursday, August 1, 2019

လျှပ်စစ်ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆက်လုပ်မည်ဖြစ်ပြီး တားဆီးပါက အရေးယူမည်ဟု အစိုးရအဖွဲ့ပြော

ရွာသားများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာတွင် 11 KV ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး တားဆီးသူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောဆိုခဲ့သည်ဟု ယင်းဒေသခံများထံမှ သိရသည်။
ပြန်လှည့်ရွာတွင် ဇူလိုင်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အတွက် နယ်/လုံဝန်ကြီးက ဩဂုတ်လ ၁ ရက်နေ့၌ ဒေသခံရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ကျေးရွာမီးလင်းရေး ကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံပြီး မီးလိုင်းဆွဲတဲ့ကိစ္စကို အစိုးရကဆက်လုပ်မယ်ဆိုတာပြောတယ်။ နောက်ထပ်တားရင် တစ်ယောက်တားရင်တစ်ယောက် ဥပဒေအရ အရေးယူမယ်လို့ဆိုတယ်။ ရွာဘက်ကလူတွေကလည်း တစ်ရွာလုံးက ဒီကိစ္စလက်မခံကြတော့ အစိုးရအနေနဲ့ ကိုယ်တိုင်လာရှင်းပြစေချင်တယ်”ဟု ပြန်လှည့်ရွာ မီးလင်းရေးကော်မတီဝင်တစ်ဦးက ပြောဆိုသည်။

ယင်းနေ့က ပြန်လှည့်ရွာ မီးလင်းရေးကော်မတီဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးကို နယ်/လုံ ဝန်ကြီးက တိုင်းအစိုးရရုံးခန်းသို့ ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အုန်းတောကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဓာတ်အားကြိုးသွယ်တန်းမှုကို နှောင့်ယှက်ခဲ့သည့် ပြန်လှည့်ကျေးရွာသားများကို စိစစ်ဖော်ထုတ်၍ အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ကျေးရွာနှစ်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ပြန်လှည့်ကျေးရွာအတွင်းမှဖြတ်ပြီး လျှပ်စစ်မီးတိုင် စိုက်ထူခြင်းလုပ်ငန်း လုပ်ဆောင်နေသည့် နေရာသို့ ပြန်လှည့်ကျေးရွာသား ၁၀၀ ဦးခန့် ရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်း ဖြတ်၍စိုက်ထူနေသည့် မီးတိုင်များကိုနုတ်ပေးရန် လျှပ်စစ်မီးကြိုးသွယ်တန်းလိုပါက ရွာအပြင်မှသွယ်တန်းရန် လာရောက်ဟန့်တားသဖြင့် စိုက်ထားသည့်မီးတိုင်များကိုနုတ်ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာရန် ပြုလုပ်နေစဉ် လျှပ်စစ်ဝန်ထမ်းများနှင့် ကရိန်းကားများ ပြန်လည်ထွက်ခွာ၍ မရစေရန် ရွာသားများက ပိတ်ဆို့ခဲ့သည့်အပြင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပါဝင်သည့် ဌာနပေါင်းစုံမှ တာဝန်ရှိသူများကို ကျေးရွာသူကျေးရွာသားများက ဆဲဆို ခဲဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြုလုပ်သည့်အတွက် ဌာနဆိုင်ရာများနှင့်အတူ လိုက်ပါလာသည့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြောက်လှန့်ရာမှ ပြန်လှည့်ကျေးရွာနေ ဦးကြည်ထွန်း၊ ဦးမျိုးထွန်း၊ ဦးကျော်ဇင်မောင်နှင့် ဦးဘိုကျော်တို့မှာ ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုနှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြင်းတို့ ပြုလုပ်ခဲ့သူများကို စိစစ်ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားထားသည်။

The Voice

0 comments:

Post a Comment