Sunday, August 25, 2019

ကျောင်းသား ကျောင်းသူများတွင် အရက်သောက်သုံးမှု လေးရာခိုင်နှုန်းကျော်ရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ်မတိုင်မီကပင် အရက်ကို စတင်သောက်သုံးနေကြောင်း ကျောင်းအခြေပြု ကျန်းမာရေး စစ်တမ်း၌ ဖော်ပြ

ပြည်တွင်းပြည်ပထုတ် အရက်၊ ဘီယာ၊ ၀ိုင်ရောင်းချသည့် ကောင်တာတစ်ခုကို တွေ့ရစဉ်
ကျောင်းသား ကျောင်းသူများတွင် အရက်သောက်သုံးမှု လေးရာခိုင်နှုန်းကျော်ရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ် မတိုင်မီကပင် အရက်ကို စတင်သောက်သုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Global School Based Student Health Survey တွင် ဖော်ပြထားချက်အရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ရောဂါနှင့် ပတ်သက်၍ ဆေးရုံတက်ရောက် ကုသနှုန်းများ မြင့်တက်လာပြီး အများစုမှာ အရက်သောက်သုံးမှုကြောင့်ဖြစ်သော စိတ်ရောဂါများဖြစ်ကြောင်း သိရသည်။
“စိတ်ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံတက်ရောက် ကုသနှုန်းတွေ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက လူဦးရေ ၃၆၀၀၀ ကျော်သာ တက်ရောက်ကုသရာကနေ ၂၀၁၇ ခုနှစ်မှာ လူဦးရေ ၈၆၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အတွင်းလူနာ စုစုပေါင်းရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ တိုးမြင့်လာတာကို တွေ့ရပါတယ်။ အဓိက အကြောင်းရင်းက အရက်သောက်သုံးမှုကြောင့် ဖြစ်ပွားတဲ့ စိတ်ရောဂါတွေဖြစ်တာကို တွေ့ရှိရပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်တာတွင်း အရက်စွဲရောဂါ ဖြစ်ပွားမှုနှုန်း နှစ်ဆခွဲခန့် မြင့်တက်လာသည်ဟုလည်း ၎င်း၏အဆိုအရ သိရသည်။
“မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အရက်စွဲရောဂါ ဖြစ်ပွားနှုန်းက ၂၀၁၈ ခုနှစ်မှာ ၂၀၁၃ ခုနှစ်ကထက် နှစ်ဆခွဲလောက် မြင့်တက်လာတယ်။ ဒါနိုင်ငံမှာ ပြဿနာတစ်ခုအသွင် ဖြစ်နေပါတယ်။ အရက်ကြောင့် ရောဂါတွေလည်းဖြစ်သလို ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်ပြီး ဆုံးရှုံးမှုတွေလည်း များနေပါတယ်။ ကမ္ဘာမှာ သေဆုံးရခြင်းအကြောင်း အမျိုးမျိုးရဲ့ ငါးရာခိုင်နှုန်းကျော်က အရက်ပြဿနာနဲ့ သေဆုံးနေကြတာဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ အတွင်း သေဆုံးကြသူတွေရဲ့ ခုနစ်ဦးမှာ တစ်ဦးနှုန်းက အရက်သောက်တာနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အရက်သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၃ ဒသမ ၃ သန်းကျော် သေဆုံးနေပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ ကင်ဆာအပါအဝင် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနေကြောင်း ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ကြေညာသည့် အချက်အလက်များအရ သိရသည်။
မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ယင်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်း နှစ်စဉ် သေဆုံးလျက်ရှိပြီး ထိုသို့အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့်  ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်းနှင့်  အဓိက သေဆုံးရသည့် အကြောင်းရင်းများမှာ နှလုံးနှင့် သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စသည်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင်သော စားသောက်ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှား နည်းပါးသော ဘဝနေထိုင်မှုပုံစံ စသည့် မကူးစက်နိုင်သော ရောဂါများကို ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းတည်ထောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment